တာလေ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စီမံချက်ကာလအတွင်း ရောဂါပိုးကူးစက်ခံရသူများနှင့် ကျေးရွာများရှိ အခြေခံ လူတန်းစားအိမ်ထောင်စု (၃၀၀) စုအား တာလေဒေသ ရွှေသတ္တုတူးဖော်ရေး ကုမ္မဏီများအဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပေးအပ်လှူဒါန်း ခဲ့သည်။
အခြေခံ စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးစီမံချက် ကာလ အတွင်း ရောဂါအတည်ပြုလူနာ များ၊ ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စုများ၊ လောကပါလပရဟိတလူမှုကူညီရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကိုဗစ်စစ်ဆေးရေး ဂိတ်များတွင် စေတနာဖြင့်ပါဝင်ဆောင်ရွက်ပေးကြသော စေတနာရှင်များအား ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုကို အထောက်အကူဖြစ်စေရန် တာလေဒေသ ရွှေသတ္တုတူးဖော်ရေး ကုမ္မဏီများအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခင် ဦးဆောင်သော သတ္တုလုပ်ငန်းရှင်များ အဖွဲ့က မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံထားရသူများနှင့် အခြေခံလူတန်းစားအိမ်ထောင်စု (၃၀၀)စုတို့အား ငွေကျပ်(၁၀၂) သိန်းတန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်၊ငါးသေတ္တာ၊ ကြက်ဥ စသည့် အခြေခံစားသောက်ကုန် (၇) မျိုးကို စနစ်တကျထောက်ပံ့ပေးအပ်ခဲ့ပြီး တာလေမြို့မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက ရွှေသတ္တုတူးဖော်ရေး ကုမ္မဏီများအဖွဲ့သို့ မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ် ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)