နောင်ချို အောက်တိုဘာ ၁၂
နောင်ချိုမြို့နယ်အတွင်း အခြေခံပညာသင်ကြားလျက်ရှိသော အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ပက်သက်ပြီး မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းချက်များအား ဖော်ပြလိုက်ပါသည်။
မေး ။ မင်္ဂလာပါ ဆရာမကြီးရှင်။ ဆရာမကြီးရဲ့ အမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရာထူးကို ပြောပြပေးပါအုံးရှင့်။
ဖြေ ။ ဟုတ်ကဲ့ပါ။ ကျမအမည်က ဒေါ်အေးအေးသင်းပါ၊ မြို့နယ်ပညာရေးမှူး တာဝန်ထမ်းဆောင်နေပါတယ်။
မေး။ အခြေခံပညာကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဖို့ ကြိုတင် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေကို သိချင်ပါတယ်ရှင့်။
ဖြေ ။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးတွေကို အသိပေး လိုက်ပါတယ်။ ၁၂ နှစ် အထက်နဲ့ ၁၈ နှစ် အကြားဆိုတော့ မူလွန်အလယ်တန်းနဲ့ အထက်တန်းကျောင်းအုပ်ကြီးတွေကို ခေါ်တယ်။ မြို့နယ်မှာဆေးထိုးအုပ်စု(၂၂)အုပ်စုခွဲ လိုက်ပါတယ်။ ဒီအုပ်စုထဲမှာပါတဲ့ ကျောင်းတွေ စာရင်းဇယားပြုစုပြီး အုပ်စုမှူးဆီမှာ ကွန်ပျူတာစာစီ (CD) တစ်ချပ်နဲ့ ၃ စုံစီကို ပထမအဆင့်အနေနဲ့ ဆောင်ရွက်ပါတယ်။
မေး ။ ကျောင်းသား၊ ကျောင်းသူတွေကို စုရပ်အလိုက် ကာကွယ်ဆေးထိုးနှံဖို့နဲ့ အသိပေး ဆောင်ရွက်နေမှု အခြေအနေကို ပြောပြပေးပါဦးရှင့်။
ဖြေ ။ ကျောင်းသား၊ကျောင်းသူတွေကို စုရပ်အလိုက် ကာကွယ်ဆေးထိုးနှံဖို့ မိဘတွေကို သက်ဆိုင်ရာ ကျောင်းအလိုက် အစည်းအဝေးခေါ်၊ ရပ်မိရပ်ဖ၊ ကျောင်း အကျိုးတော် ဆောင်၊ ကျောင်းအုပ်ကြီး တွေက အစည်းအဝေးခေါ်ယူပြီး အသိပေး ဆောင်ရွက် ပါတယ်။
မေး ။ ကျောင်းတွေ မကြာမီပြန်ဖွင့်မယ်လို့သိရပါတယ်။ ကျောင်းတွေပြန်ဖွင့်နိုင်ရေးအတွက် ပညာရေး ဌာနအနေနဲ့ စီမံဆောင်ရွက်နေတဲ့ အခြေအနေကို ပြောပြပေးပါဦးရှင့်။
ဖြေ ။ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ၊ရေရရှိရေးတွေ ကြိုတင်ပြင်ဆင် ထားပါတယ်။
မေး။ အသက် ၁၂ နှစ်အထက် ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေစေဖို့ ဌာနအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အခြေ အနေကို ပြောပြပေးပါဦးရှင့်။
ဖြေ ။ ကျမတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေ အစည်းအဝေးခေါ်ပါတယ်။ ကျန်းမာရေး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပရဟိတအဖွဲ့တွေနဲ့ညှိနှိုင်းပြီးဆေးထိုးအုပ်စု (၂၂)အုပ်စု ခွဲပြီး ကျန်းမာရေး၊ လုံခြုံရေး ဖြည့်ဆည်းပေးကာ ပညာရေးဌာနဝန်ထမ်းများ၊ ကျောင်း အသီးသီးမှ တာဝန်ရှိ သူ များက ပူးပေါင်းပြီး ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး ။ အသက် ၁၂ နှစ်အထက် ကာကွယ်ဆေးထိုးနှံပေးမဲ့ အစီအစဉ်အပေါ် ဆရာမကြီးရဲ့ ပီတိစကား သံလေးကို ကြားသိပါရစေရှင့်။
ဖြေ ။ ဝမ်းသာပါတယ်။ ကျောင်းဖွင့်လည်း ကာကွယ်ဆေးထိုးမထားရင် ရောဂါတွေ ဖြစ်ပွားနိုင်၊ ရောဂါဖြစ်ပွားရင်ကျောင်းတွေပြန်ပိတ်ရမယ်။ အခုလို ကာကွယ်ဆေးကို ကြိုတင်ထိုးနှံ ပေးတဲ့ အတွက်စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်မှာဖြစ်လို့ နိုင်ငံတော်အစိုးရကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
တွေ့ဆုံမေးမြန်းသူ သန်းသန်းထွေး