သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကား

သီပေါ    အောက်တိုဘာ   ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ ၊ ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်-

ပါခမ်း

 ကျွန်မနာမည်ကတော့ပါခမ်းဖြစ်ပါတယ်။ အသက်က(၅၈)နှစ်ရှိပါပြီ။ သီပေါမြို့၊ တုံစင့်ကျေးရွာတွင် နေထိုင်ပြီး မုန့်ဖက်ထုတ်ရောင်းပါတယ်။ကိုဗစ်ကာလဖြစ်တော့ မုန့်ရောင်းတာကို နားထားပါတယ်။ မိသားစုဝင်(၃)ဦးနှင့်အတူ နေထိုင်ပါတယ်။ စက်တင်ဘာလ (၁၃)ရက်နေ့က စပြီး နေထိုင်မကောင်း ဖြစ်ခဲ့ပါတယ်။ အရင်ဖျားတုန်းကအတိုင်း ဆာခြစ်တာနဲ့ ရှမ်းဆေးသောက်တာတွေ လုပ်ခဲ့ပါတယ်။ ဆရာဝန်နဲ့မပြခဲ့သလို  ဆေးလဲမသောက်ခဲ့ပါဘူး။ ကိုဗစ်ရောဂါအကြောင်းလည်း ကောင်းကောင်းမသိလို့ သီးသန့်ခွဲမနေခဲ့တဲ့အတွက် အမျိုးသားကို ရောဂါကူးစက် ခဲ့ပါတယ်။ အိမ်နီးနားချင်းတွေက ဆေးရုံကို အကြောင်းကြားပေးခဲ့လို့ လူနာတင်ကားနဲ့ မြို့နယ်ပြည်သူ့ဆေးရုံမှာ သွားရောက် ဆေးစစ်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ဆေးရုံမှာ (၁၁)ရက် တက်ရောက်ကုသမှု ခံယူခဲ့ပါတယ်။ သာမန်လက်လုပ်လက်စားဆိုတော့ အိမ်ကအစားအသောက် ပုံမှန်ပို့ပေးနိုင်ခြင်း မရှိပေမယ့်လည်း ဆေးရုံမှာလာရောက် လှူဒါန်းကြတဲ့အလှူရှင်တွေကြောင့် အခက်အခဲ မရှိခဲ့ပါဘူး။ အလှူရှင်များကိုလည်း ကျေးဇူးတင်ပါတယ်။ ရောဂါ စဖြစ်ရာမှာ အဖျားတက်ခြင်း ၊ ချောင်းဆိုးခြင်း ၊ နှာစေးခြင်းတွေကိုသာ ခံစားခဲ့ရပြီး (၈)ရက်မြောက်နေ့မှာ အသက်ရှုကြပ်လာပါတယ်။ဒါပေမဲ့ အောက်ဆီဂျင်ရှူရတာတော့ မရှိခဲ့ပါဘူး။ (၁၀)ရက်မြောက် နေ့မှာ အဖျားမရှိတော့သလို ကျန်ရောဂါများ သက်သာလာခဲ့ပြီးတော့ (၁၁)ရက်မြောက်နေ့မှာ ဆေးရုံက ဆင်းခွင့်ရပါတယ်။ အိမ်မှာ Home Quarantine (၇)ရက် နေထိုင်ခဲ့ပြီး ယခုပြန်လည် သက်သာလာခဲ့ပါပြီ။ ကာကွယ်ဆေးထိုးထားခြင်း မရှိသည့်အတွက် ရောဂါပိုး ကူးစက်ခံခဲ့ရတာလို့ ထင်ပါတယ်။ အရင်က အခြားသူတွေ ပြောသလို ကာကွယ်ဆေးထိုးရင် အန္တရာယ်ရှိတယ်။သေတတ်တယ်ပြောကြလို့ မထိုးခဲ့ပါဘူး။ ရောဂါကူးစက် ခံရပြီးနောက် ပြန်သက်လာပြီး အောက်တိုဘာလ (၆)ရက်နေ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးခဲ့ပါတယ်။ ဘာမှတော့မဖြစ်ခဲ့ပါဘူး။ဆေးရုံက မှာကြားလိုက်သည့်အတိုင်း ရောဂါကာကွယ် ရမဲ့နည်းလမ်းတွေကို လိုက်နာပါတယ်။ အပြင်ကပြန်လာရင် လက်ကိုစနစ်တကျဆေးကြောကြပါ။ အပြင်ထွက်လျှင် ပါးစပ်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ပါ။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ။ အတတ်နိုင်ဆုံး လူစုလူဝေးရှိတဲ့ နေရာတွေကို သွားလာခြင်းမှ ရှောင်ရှားကြပါလို့ သတိပေးချင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရခဲ့ရင် ကောင်းစွာကုသမှုခံယူမယ်ဆိုရင် လုံးဝ ပျောက်ကင်းနိုင်ပါတယ်လို့ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ- အောင်ကိုကိုမြတ်(သီပေါ၊ပြန်/ဆက်)

 ခင်လေး(သီပေါ၊ပြန်/ဆက်)