ရန်ကုန် အောက်တိုဘာ ၁၂
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန်ရည်ရွယ်ပြီး အောက်တိုဘာလ(၁၄)ရက်နေ့နှင့် အောက်တိုဘာလ(၁၆)ရက်နေ့တို့တွင် နံနက်ပိုင်းအချိန်မှ စတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း တို့တွင် နှစ်နေရာခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
“ကျွန်တော်တို့အနေနဲ့ ကျောင်းသား/သူတွေရဲ့ မိဘအုပ်ထိန်းသူတွေ ဒီကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့နဲ့ မိဘအုပ်ထိန်းသူတွေကိုယ်တိုင် ပူးပေါင်းပါဝင်လာဖို့ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အသိပညာပေး မြေစိုက်ပိုစတာတွေနဲ့ နံရံကပ်ပိုစတာတွေကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ လူအသွားအလာများသည့် နေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ကပ်ထားကြေညာသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလာရောက် ထိုးနှံကြမည့် ကျောင်းသား/သူတွေ သွားလာရေး အဆင်ပြေစေဖို့ အတွက်ကိုလည်း နှစ်နာရာခွဲပြီး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဆေးထိုးစုရပ်သို့ လာရောက်ကြမည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံစွာဖြင့် လာရောက်ထိုးနှံနိုင်စေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာဌာန တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု တာမွေမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။
ထိုကဲ့သို့ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း (၄)ကျောင်းမှ ကျောင်းသား/သူ (၁၁၂)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်းမှ ကျောင်းသား/သူ (၇၉၁)ဦးနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၄)ကျောင်းမှ ကျောင်းသား/သူ (၂၄၇)ဦး၊ စုစုပေါင်း မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ သူ (၁,၁၅၀)ဦးတို့ကို ဆေးရရှိမှုအပေါ် မူတည်ပြီး နှစ်နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)