ကွမ်းလုံမြို့နယ်တွင် "မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေး" အသိပညာပေး Talk Show ပြုလုပ်

ကွမ်းလုံ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ "မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေး "အသိပညာပေး Talk Showကို ယနေ့နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလအတွင်း ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် Online အသိပညာပေး Talk Show များ ဆောင်ရွက်၍ အသိပညာများ ​ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ ရှေးဦးစွာ မသန်စွမ်းသူနှင့် မသန်စွမ်းမှုတို့အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး "မသန်စွမ်းသူများအနေဖြင့် မွေးရာပါ အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနှင့် အခြေခံ လူ့အခွင့်အရေးများကို မွေးဖွားချိန်မှစ၍ အပြည့်အဝခံစားခွင့်ရှိကြောင်း၊ မသန်စွမ်းသူများကို ပစ်မှတ်ထားပြီး ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်း၊ နေရာမပေးခြင်း၊ နိုင်ထက်စီးနင်း ပြုခြင်းတို့ကို တားမြစ်ထားပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများဟာ သန်စွမ်းသူများနည်းတူ ပညာ သင်ယူပိုင်ခွင့်လည်းရှိကြောင်း "အစရှိတဲ့ မသန်စွမ်းသူများ၏အခွင့်အရေးများကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိရိကျော်က ဆွေးနွေးပေးခဲ့သည်။ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးပင်စင် အဖြစ် အသက် (၈၅) နှစ်အထက် ဘိုးဘွားများအားထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွား လာသည့် အသက်(၂)နှစ်အောက်ကလေးများ ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဖြိုးမမ(ကွမ်းလုံ)