သထုံခရိုင်အတွင်း အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းအား တွေ့ဆုံမေးမြန်းခြင်း

သထုံ  အောက်တိုဘာ   ၁၂

 

မေး။ ကျောင်းတွေမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက် ၁၂အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးဖိုစီစဉ်နေတယ်လို သိရတဲ့အတွက် သထုံခရိုင်ထဲမှာ ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ ဆရာမကြီးတို့အနေနဲ့ စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေတွေကို သိချင်ပါတယ်။

 

 

ဖြေ။ ဆရာမကြီးတို့ မွန်ပြည်နယ်မှာ ခရိုင် ၂ ခုရှိတယ်။ သထုံခရိုင်နဲ့‌ မော်လမြိုင်ခရိုင်ဆိုပြီးတော့ ခရိုင် နှစ်ခုရှိတယ် ရှိတဲ့အခါမှာ ပြည်နယ်ပညာရေးမှူးရဲ့လမ်းညွှန်ချက်နဲ့ အခု ဆေးထိုးဖို့ လုပ်နေတာပေါ့ ပြည်နယ်ပညာရေးမှူးက သူက စာရင်း သုံးမျိုးလုပ်ခိုင်းတယ်။ စာရင်းရှိရယ် တက်ရောက်ရယ် အပ်နှံရယ် အဲ့ဒီစာရင်းပေါ်မှာမူတည်ပြီးတော့မှ ကျန်းမာရေးဌာနရဲ့ ခွင့်ပြုချက်အပေါ်မူတည်ပြီး ဆေးထိုးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ မြို့နယ်လေးမြို့နယ်မှာတော့ မြို့နယ်ပညာရေးမှူးတွေရဲ့ အစီအစဉ်နဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေမှာ စုရပ်တွေ ခွဲထားပါ တယ်။ ကျိုက်ထိုမှာ အားလုံး စုရပ် ၇ ခုရှိတယ် အထက(ကျူချောင်)၊ အထက(ကင်မွန်းချောင်း)၊ အထက(၁)ကျိုက်ထို၊ အထက(၂)ကျိုက်ထို၊ အထက(ကျိုက္ကသာ၊ အထက (စစ်တောင်း)၊ အထက (သိမ်ဇရပ်) ဘီးလင်းမှာဆိုရင် စုရပ် ၁၀ ခုခွဲထား တယ်။ အထက(ဘီးလင်း)၊ အထက(ဒေါက်ရပ်)၊ အထက(ကန်သာယာ)၊ အထက(ဇုတ်သုတ်)၊ အထက(ရွှေလှေ)၊ အထက(အလူးလေး)၊ အထက(တောင်စွန်း)၊ အထက(ကင်းရွာ)၊ အထက (ငါးဘတ်ချောင်)၊ အထက(ကဇိုင်း) သထုံမှာဆိုရင် အထက(၁)သထုံ၊ အထက(၂)သထုံ၊ အထက(ကျိုက္ကော်)၊ အထက(မရမ်းကုန်း)၊ အထက(ကြာပန်း)ဆိုပြီးတော့ စုရပ် ၅ ခုခွဲထားပါတယ်။ ပေါင်မြို့နယ်မှာ အထက(သဲကုန်း)၊ အထက(ရင်းငြိမ်)၊ အထက(ဇင်းကျိုက်)၊ အထက(ပေါင်)၊ အထက(နတ်ကြီးချောင်)၊ အထက(မုတ္တမ)၊ အထက(သဲအိမ်)၊ အထက(အလှပ်)ဆိုပြီးတော့ စုရပ် ၈ ခုခွဲထားပါတယ်။ ကျောင်းသားစာရင်းတွေပြောရမယ်ဆိုရင် သထုံခရိုင်မှာ စာရင်းရှိအားလုံး ၈၁၀၃၇ အဲ့ဒီမှာ အပ်နှံထားတဲ့စာရင်းက ၂၈၀၆၈ တက်ရောက်တဲ့စာရင်းက ၂၇၈၉၇ အဲ့ဒီတော့ ပညာရေးဌာနက စာရင်းသုံးမျိုး ပြုစုထားခိုင်းတယ်။ ထိုးမယ့်စာရင်းကတော့ ကျန်းမာရေးဌာနအပေါ်မှာ မူတည်တဲ့အတွက် ပညာရေးဌာနကတော့ စာရင်းသုံးမျိုးလုံးကို ပြုစုထားပြီးပါပြီ။

 

မေး။  သထုံခရိုင်ထဲက ဆရာ၊ ဆရာမတွေ အနေနဲ့ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေကရော ဘယ်လိုရှိပါသလဲ။

 

ဖြေ။ ဆရာဆရာမတွေအနေနဲ့ကတော့ ကိုဗစ်ကာကွယ်ဆေးကို အားလုံး ထိုးပြီးတဲ့အနေအထားရှိပါတယ်။ စောစောပိုင်းထဲက ထိုးပြီးကြပါပြီ။

 

မေး။  ကျောင်းတွေမှာ ကာကွယ်ဆေးထိုးဖို့အတွက် မိဘတွေသိရှိအောင်နဲ့ ကာကွယ်ဆေးထိုး တာနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်စိတ်တွေလျှော့နည်းအောင် ဆရာမကြီးတို့အနေနဲ့ အသိပညာပေးတာ‌တွေကို ဆောင်ရွက်‌ဖို့ ဘယ်လိုစီစဉ်နေပါသလဲ။

 

ဖြေ။ မြို့နယ်ပညာရေးမှူးတွေက သူတို့ ဒီအစီအစဉ်ကို ဌာနပေါင်းစုံနဲ့ချိတ်ဆက်ပြီး လုပ်ရတဲ့အခါမှာ ဘာတွေလိုအပ်တယ်ဆိုတာကို ဆွေးနွေးပြီးသားဘဲပေါ့ ကျန်းမာရေးအပိုင်းက ဘာတွေဆောင်ရွက် ပေးမယ်၊ လုံခြုံရေးအပိုင်းက ဘာတွေဆောင်ရွက်မယ်၊ ဆရာဆရာတွေက ဘာတွေဆောင်ရွက်ရမယ် ဆိုတာကို လုပ်ငန်းတာဝန်အသီးသီးခွဲထားပြီးပြီ။ အခုဆေးထိုးမယ့် အနေအထားမှာ မိဘတွေရဲ့သဘော တူညီမှုကို ရယူဖို့အချက်တစ်ချက်ပါတယ်။ မိဘသဘောတူညီမှုရမှသာလျှင် ကလေးကိုဆေးထိုး ပေးမယ်။ ဒါပေမယ့် ဒီဆေးထိုးတာသည် ကိုယ့်နိုင်ငံ တစ်ခုတည်းမဟုတ်ဘူး၊ နိုင်ငံအသီးသီးမှာ ကလေး တွေကို ဆေးထိုးပေးနေတယ်။ မိဘတွေသိအောင်ဆိုရင် မြို့နယ်ပညာရေးမှူးတွေကနေ ကျောင်း အုပ်တွေ ကိုပြောမယ်၊ ကျောင်းအုပ်တွေကနေ ဆရာဆရာမတွေကိုပြောမယ် ဆရာဆရာ မတွေက မိဘတွေကို သတင်းအချက်အလက်တွေပေးဖို့ရှိတယ်။ ဒီကာကွယ်ဆေးထိုးဖို့အတွက် စိုးရိမ်ပူပန်စရာ မရှိဘူး ဖြစ်တတ်တယ်ဆိုရင်တောင် လူ တစ်သိန်းမှာ တစ်ယောက်လောက် ဖြစ်နိုင်တာမို့လို့ ဘာမှစိုးရိမ်စရာမရှိဘူးလို့ ပြောချင်ပါတယ်။

 

မေး။  အခုလို ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကို  ပြောကြားပေးပါဦး။

 

ဖြေ။ သူတို့တွေက ဆေးထိုးမှသာလျှင် ဒီကူးစက်မှုအန္တရာယ်ကို ခံနိုင်ရည်ရှိမှာပေါ့။ ဆရာမကြီးတို့အနေနဲ့ သတင်းကြားထဲက ဝမ်းသာနေတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းတွေက ပိတ်ထားရတာလည်း ကြာပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့အခါကျလို့ရှိရင် ကျောင်းတွေလည်း ပြန်ဖွင့်ဖို့ ရှိတဲ့အတွက်ကြောင့်မို့လို့ ဝမ်းသာတယ်၊ ဒီလိုကျောင်းပြန်ဖွင့်ခြင်းအားဖြင့် ကလေးတွေရဲ့ပညာ သင်ယူမှုအခွင့်အလမ်းက မနစ်နာတော့ဘူး နောက် ဆေးထိုးထားခြင်းအားဖြင့် သူတို့ ကူးစက်မှုကို မခံရဘူး၊ ဆေးထိုးထားတဲ့အတွက် သင်ကြားတဲ့အခါမှာ ဘေးကင်းလုံခြုံစွာသင်ကြားနိုင်မှာ ဖြစ်တဲ့အ တွက်ကြောင့်မို့လို့ အခုလိုကာကွယ်ဆေးထိုးပေးတာကို ဆရာမကြီးအနေနဲ့ အထူးဘဲ ဝမ်းသာပါတယ်။

 

 

ကိုကိုဦး