တုံတာ အောက်တိုဘာလ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် Book Club , Youth Club နှင့် Women Club အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်လှိုင်လှိုင်ငြိမ်းက Book Club ဖွဲ့စည်းခြင်းဖြင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ၊ စာဖတ်သူများ မကြာခဏတွေ့ ဆုံကြရခြင်းဖြင့် အချင်းချင်းရင်းနှီးမှုရရှိစေရန်၊ စာပေအသိအမြင်များ အပြန်အလှန်နှီးနှောဖလှယ်ပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ Youth Club ဖွဲ့စည်းခြင်းဖြင့် လူငယ်များ အသိဉာဏ်ပညာ မြင့်မားလာစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်း ဝင်လာစေရန်နှင့် ပရဟိတစိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ Women Club ဖွဲ့စည်းခြင်းဖြင့် အမျိုးသမီး များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် Clubs အသင်းအဖွဲ့များ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တက်ရောက်လာသူများမှ Clubs အသင်းဖွဲ့စည်းမှုများအပေါ် ပြန်လည်အကြံပြု ဆွေးနွေးခဲ့ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လစဉ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများနှင့် ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများကို အခါအားလျော်စွာ ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း