လယ်ဝေးမြို့နယ်အတွင်း အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများ တွေ့ဆုံမေးမြန်းခြင်း

လယ်ဝေး အောက်တိုဘာ ၁

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို ဦးစားပေးအုပ်စုများ အလိုက် ထိုးနှံပေးလျက်ရှိရာ နိုင်ငံတော်၏အနာဂတ်မျိုးဆက်သစ် များဖြစ်သည့် အခြေခံပညာအလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်သည်။ ကျောင်းများပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဦးမြင့်ဆောင် (ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့)

မေး -  ဆရာရှင် လယ်ဝေးမြို့နယ်အတွင်းက ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဘယ်လိုများစီမံဆောင်ရွက်ထား ပါသလဲရှင်။

ဖြေ -   ကျွန်တော်တို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ (၁၂)နှစ်အထက် အလယ်တန်းနှင့်အထက်တန်း ကျောင်းသားကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူ စာရင်းကို အခြေခံပြီး စာရင်းပြုစုလျက်ရှိပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ကျောင်းအုပ်ကြီးတွေ၊ ဆရာ၊ ဆရာမတွေကို ကြိုတင်အကြောင်းကြားပြီးဖြစ်ပါတယ်။ လယ်ဝေးမြို့နယ်မှာ အ.ထ.က(၁)၊ အေလာတိုက်နယ် ဆေးရုံ၊ သာဝတ္ထိ တိုက်နယ်ဆေးရုံ၊ အ.ထ.က(သပြေပင်)၊ အ.ထ.က(ကံသာ) စတဲ့ဆေးထိုးစုရပ်(၅) နေရာမှာ အောက်တိုဘာ(၁၂)ရက်ကစပြီး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

မေး -  ကာကွယ်ဆေးထိုးတဲ့အခါမှာ အဆင်ပြေစေဖို့ ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုနှင့် ဆောင်ရွက် ထားရှိမှုတွေကိုလည်း သိပါရစေရှင်။

ဖြေ -   ကာကွယ်ဆေးထိုးတဲ့အခါမှာ လွယ်ကူမြန်ဆန်စေဖို့ အ.ထ.က(၁)မှာ ဆေးထိုးအဖွဲ့(၂)ဖွဲ့နဲ့ ကျန်စုရပ်(၄)ခုမှာ တစ်ဖွဲ့စီ တာဝန်ပေးထားပါတယ်။ ဒီစုရပ်တွေမှာ စာရင်းရေးသွင်းဖို့၊ ဆေးစစ်ဖို့၊ လုံခြုံရေးဆောင်ရွက်ဖို့တို့ကိုလည်း ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ထားပါတယ်။

မေး -  အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း ပြောပြပေးပါရှင့်။

ဖြေ -   ဒီကာကွယ်ဆေးထိုးဖို့မသင့်တော်တဲ့သူတွေက ဘယ်လိုလူတွေပါဆိုတဲ့ အချက်အလက်တွေ၊ ကာကွယ်ဆေးကို ထိုးထားတဲ့အခါမှာ ရရှိမည့်အကျိုးကျေးဇူးတွေ စတဲ့အချက်အလက်တွေကို ကျောင်းသား၊ ကျောင်းသူတွေ၊ ကျောင်းသားမိဘတွေနဲ့ ပြည်သူတွေသိရှိစေဖို့ အသံချဲ့စက်နဲ့ကြေ ညာတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနဲ့ ထွေ/အုပ်တို့ ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်။

ဦးအောင်လွင် (မြို့နယ်ပညာရေးမှူး)

မေး -  မင်္ဂလာပါ ဆရာကြီးရှင့် ကျွန်မတို့လယ်ဝေးမြို့နယ်မှာရှိတဲ့ ကာကွယ်ဆေးထိုးမယ့်အခြေခံ ပညာကျောင်းပေါင်းနဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူအရေအတွက်ကို သိပါရ စေရှင်။

ဖြေ -   လယ်ဝေးမြို့နယ်မှာ ကာကွယ်ဆေးထိုးမယ့် အခြေခံပညာကျောင်းပေါင်း(၁၂၀)၊ ကိုယ်ပိုင် ကျောင်း(၁၂)ကျောင်းနဲ့ ဘကကျောင်း(၅)ကျောင်း စုစုပေါင်း(၁၃၇)ကျောင်းက အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူပေါင်း(၁၉၆၂၃)ဦးကို ကာကွယ်ဆေးထိုးနှံပေးမှာ ဖြစ်ပါတယ်။

မေး -  အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ဆောင်ရွက်ထားတဲ့ အခြေအနေတွေကိုလည်း ပြောပြပေးပါဦးရှင်။

ဖြေ -   ကာကွယ်ဆေးထိုးမှာက အောက်တိုဘာ(၁၂)ရက်မှာစမှာပါ။  ကာကွယ် ဆေးထိုးဖို့အတွက် ကျောင်းသားကျောင်းသူတွေရဲ့ မိဘအုပ်ထိန်းသူခွင့်ပြုချက်ရမှ ထိုးနှံပေးမှာဖြစ် တဲ့အတွက် သဘောတူကြောင်း မှတ်တမ်းကိုလည်း ဆောင်ရွက်ထားရမယ်။ ဆေးထိုးတဲ့နေ့မှာ ကျောင်းသား၊ ကျောင်းသူနဲ့အတူ မိဘအုပ်ထိန်းသူပါ လိုက်ပါရမှာဖြစ်တဲ့အတွက် ကျောင်းမှာစုရပ်လုပ်ပြီး ကျောင်းကားများနဲ့ကြိုပို့နိုင်ဖို့ စီစဉ်ထားပါတယ်။ နောက်ပြီးဆေးထိုးစုရပ်တွေမှာလည်း ကြန့်ကြာမှု မရှိစေဖို့အတွက် ဆရာ၊ ဆရာမ(၁၃)ဦးကို တစ်ဖွဲ့နဲ့ (၅)ဖွဲ့၊ နောက် ကျန်းမာရေး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီးတော့ စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒေါက်တာနန္ဒာကျော် ( ခုတင်-၁၀၀ ဆေးရုံအုပ် လယ်ဝေးမြို့ )

မေး -  ဒေါက်တာရှင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအမျိုးအစားနဲ့ ဆေးတစ်လုံးကို ဘယ်နှစ်ယောက်ထိုးနှံပေးမယ် ဆိုတာ သိချင်ပါတယ်ရှင်။

ဖြေ -   ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားက တရုတ်နိုင်ငံထုတ် Sinovac ဖြစ်ပါတယ်။ ဆေးတစ်လုံးကို (၂)ဦးထိုးနှံပေးမှာ ဖြစ်ပါတယ်။

မေး -  ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ ဖြစ်ပေါ်နိုင်တဲ့ နောက်ဆက်တွဲလက္ခဏာတွေနဲ့ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရလာမယ့်အကျိုးကျေးဇူးတွေကို လည်း သိပါရစေရှင်။

ဖြေ -   ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ သုတေသနတွေအရ ခေါင်းမူးတာ၊ ဆေးထိုးတဲ့နေရာကနာ တာတို့၊ ချမ်းတုန်တာ၊ ကြွက်သားနာတာ၊ ဖျားတာလေးတွေဖြစ်တတ်ပါတယ်။ ဘေးထွက်ဆိုးကျိုးက နည်းပါတယ်။ ဒီကာကွယ်ဆေးထိုးထား တယ်ဆိုရင် အသက်ဆုံးရှုံးတာတို့ ပြင်းထန်ရောဂါတို့ မဖြစ်တော့ဘူးပေါ့။ ကျန်းကျန်းမာမာနဲ့ စိတ်ချလုံခြုံစွာ ပညာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။

မေး -  အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ဘယ်ရက်အထိထိုးနှံပေးမှာပါလဲ ရှင်၊ နောက်တစ်ခုက ဒီကာကွယ်ဆေးထိုးတဲ့လုပ်ငန်း အောင်မြင်ဖို့ ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး ပါဝင်နိုင်ရေးအတွက် ဒေါက်တာတို့ရဲ့ တိုက်တွန်းအကြံပြုတဲ့စကားလေး မျှဝေပေးပါဦးရှင်။

ဖြေ -   အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို အောက်တိုဘာ(၁၂)ရက်နေ့မှာ ပထမအကြိမ်အဖြစ်စတင် ထိုးနှံပေးမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံထားတဲ့အတွက် ကျောင်းဖွင့်ချိန်မှာ ကျန်းမာပျော်ရွှင်စွာ၊ စိတ်ချလုံခြုံစွာနဲ့ ပညာသင်ယူနိုင်မယ်။ ကာကွယ်ဆေးတွေ ကလည်း ကျွန်မတို့မြို့နယ်တွေမှာ ရောက်ရှိထိန်းသိမ်းထားပါတယ်။ ဆေးထိုးတဲ့နေ့မှာ စုရပ်တွေ ကိုပို့ဆောင်မှာဖြစ်ပါတယ်။ မိဘအုပ်ထိန်းသူတွေအနေနဲ့ကလည်း ဒီကာကွယ်ဆေးဟာ အသက် (၁၂)နှစ် မပြည့်သေးတဲ့သူ၊ ဓာတ်မတည့်သူ၊ လတ်တလောဖျားနာသူတို့ကိုတော့ထိုးနှံပေးလို့မရပါဘူး၊ ဆီးချို၊အတက်ရောဂါ၊ ဦးနှောက်အာရုံ ကြောရောဂါတစ်ခုခုရှိတဲ့သူ၊ သွေးမတိတ်ရောဂါရှိသူနဲ့ သွေးဥမွှား လျော့နည်းသူ၊ ကင်ဆာ၊ အေအိုင်ဒီအက်စ်၊ ကျောက်ကပ် ရောဂါစတဲ့ ခန္ဓာကိုယ် ခုခံအားစနစ် အားနည်းတဲ့သူတွေဆိုရင်တော့ လက်ရှိပြသနေတဲ့ ဆရာဝန်ရဲ့ ခွင့်ပြုချက်ရရင် ထိုးနှံနိုင်ပါတယ်။  အဆင့်ဆင့်သုတေသနတွေ လုပ်ပြီးတဲ့ဆေးဖြစ်လို့ ထိုးနှံသင့်တယ်လို့ တိုက်တွန်း လိုပါတယ်။ ဒါမှလည်း ကျောင်းတွေလည်း မြို့ပြကျေးလက်မကျန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ လုံခြုံစိတ်ချစွာပညာသင်ယူခွင့်တွေ ရရှိမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးလွှမ်းခြုံနိုင်မှုတွေ မြင့်မားလာပြီးတော့ ရောဂါဖြစ်ပွားမှုကို လည်း တားဆီးကာကွယ်နိုင်မှာ ဖြစ်ပါတယ်ရှင်။

တွေ့ဆုံမေးမြန်းသူ - ဝေကြည်စန်းအောင်

ဓာတ်ပုံ- နေဇော်ချစ်