မိုင်းယောင်း ဩဂုတ် ၁၈
COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ Rs-Cs မျိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး က CERP အစီအစဉ်အရ ထောက်ပံ့ငွေနှင့် သွင်းအားစုများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက Rs-Cs မျိုးစပါး မျိုးစေ့ထုတ် တောင်သူ တစ်ဦးချင်းအား ထောက်ပံ့ငွေနှင့် သွင်းအားစုဓာတ်မြေသြဇာများ အသီးသီး ပေးအပ်ခဲ့သည်။
ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာသည့် မျိုးစပါး မျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ထုတ်လက်ကမ်းစာစောင်များ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မျိုးစပါး မျိုးစေ့ထုတ်တောင်သူများ အခက်အခဲ မရှိစေရေး၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာစေရေးနှင့် မျိုးစပါးအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် CERP အစီအစဉ်အရ မိုင်းယောင်းတွင် Rs-Cs မျိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ဧက ၅၀ ကို တောင်သူ ၁၇ ဦးက ဆောင်ရွက်နေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း