မိုင်းနောင် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်း နောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့ကိုဗစ်-၁၉ကော်မတီ၀င်များ နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ၀မ်စိမ်းကျေးရွာသို့ သွားရောက်၍ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် မိမိ အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ အပြင်မှပြန်လာပြီးတိုင်း နှာခေါင်းစည်း (Mask) များကို စနစ်တကျစွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးတိုး နှလုံးရောဂါ အခံရှိသူများ၊ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြု နေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့် လိုက်နာရမည့်အချက်များကို နှိုးဆော်ဆောင်ရွက် ပေးလျက်ရှိသည်။
ဆက်လက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူတိုင်း ကိုဗစ်ကာကွယ်ဆေးများမဖြစ်မနေထိုးနှံရေး၊ မိမိ ရပ်ရွာသို့ ကာကွယ်ဆေးထိုးနှံပေးသည့် တာ၀န်ရှိပုဂ္ဂိုလ်များ ရောက်ရှိလာပါက ပူးပေါင်းပါ၀င်ကူညီပေးရေးတို့ကို (ရှမ်း/မြန်မာ)ဘာသာစကားများဖြင့် လှည့်လည်၍ ဆော်ဩ ပေးခဲ့ပါသည်။
မနန်း(မိုင်းနောင်)