နမ့်ခမ်း အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများနှင့် ပြင်းထန် ရောဂါလက္ခဏာ ခံစားရသူများ ပြန်လည်များပြားလာသည့်အတွက် ရောဂါကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများဖြစ်သည့် ကျန်းမာရေးအသိပညာပေး လမ်းညွှန်ချက် များကို ယနေ့နံနက်ပိုင်း (၁၀) နာရီအချိန် နမ့်ခမ်းမြို့ပေါ်ရှိ လူစည်ကားရာ နေရာများ၌ လိုက်လံ အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် အောက်တိုဘာလဆန်း (၁၀) ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများနှင့် ပြင်းထန်ရောဂါလက္ခဏာ ခံစားရသူများ ပြန်လည်များပြားလာပြီး မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာနမှ လိုက်နာရန် ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး ကျန်းမာရေးအသိပညာပေး လမ်းညွှန်ချက်များကို လူစည်ကားရာနေရာ ဖြစ်သည့် နမ့်ခမ်းမြို့ စည်ပင်သာယာ မြို့မဈေး၊ ပန်ပွဲညဈေးနှင့် အမှတ်(၂)၊ အောင်မေတ္တာဈေး၊ ပြည်ထောင်စုလမ်းမကြီးနှင့် မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံနေရာများ၌ လိုက်လံအသိပေး နှိုးဆော် ခဲ့သည်။
ရောဂါ ကြိုတင် ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီများဖြစ်သည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)