အောင်မြေသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေး အောက်တိုဘာ ၁၂

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်၈နာရီက မြို့နယ်အတွင်းရှိ ညောင်ပင်ဈေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများတွင် ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ အောင်မြေသာစံမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက ညောင်ပင်ဈေးရှိဈေးသူဈေးသားများ၊ ဈေးဝယ်လာပြည်သူများနှင့် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးလာပြည်သူများအားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပြည်သူများကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာအသိပညာပေး လက်ကမ်းစာစောင် အစောင်ရေ(၇၀၀)အား ဖြန့်ဝေပေး ကြခြင်းဖြစ်သည်။

အဆိုပါပန်းခင်းစီမံချက်လက်ကမ်းစာစောင်တွင်ပန်းခင်းစီမံချက်ကို ၃.၅.၂၀၂၁ရက်မှ ၃.၁၁.၂၀၂၂ ရက်ထိ သတ်မှတ်ထားသည့်အကြောင်း၊ လက်ရှိဇာတိတွင် အမြဲတန်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲတန်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူ များအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းအစရှိသည့်ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များအကြောင်း ဖော်ပြပါရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)