ချင်းရွှေဟော် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့ ကျေးရွာ အသီးသီးတွင် နေထိုင်ကြသည့် ကိုးကန့်တိုင်းရင်းသားများအား ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်များ ဖြစ်သည့် မြန်မာနိုင်ငံတွင်မွေးဖွားပြီး မည်သည့်လက်မှတ်တစ်ခုမှ ကိုင်ဆောင်ခဲ့ခြင်း မရှိတဲ့သူများအား နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုမရှိစေရေးအတွက် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် လက်မှတ် တစ်မျိုးမျိုးကို ရရှိစေရန်နှင့် ရွေးကောက်ပွဲကျင်းပရာမှ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်၌ ဥပဒေနှင့်အညီ ကိုင်ဆောင်ခွင့်ရှိသည့် ကဒ်ပြားတစ်မျိုးမျိုးဖြင့် မဲပေးနိုင်ရေးအတွက် ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးရှာမွေလခွန် ဦးဆောင်ကာ လုံထန်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာအသီးသီးသို့ အဖွဲ့များခွဲ၍ ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လက်ရှိဒေသမှာ အမြဲနေထိုင်ကာ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသည့်သူများ၊ အိမ်ထောင်စုစာရင်းမှာလည်းမပါဝင် ကိုင်ဆောင်လက်မှတ်လည်း မရှိတဲ့သူများ၊ ရွှေ့ပြောင်းနေထိုင်တဲ့သူများအတွက် ယခင်နေထိုင်ခဲ့တဲ့ မူလဒေသမှာ အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသမှာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် အသက်(၁၀နှစ်ပြည့်ပြီးသူများ၊ နိုင်ငံသား စိစစ်ရေးကတ် လဲလှယ်နိုင်ရေးအတွက် အသက် (၁၈ )နှစ်ပြည့်ပြီးသူများ၊ အိမ်ထောင်စုစာရင်းတွင် မပါဝင်သေးသည့် မွေးဖွားပြီးသူများ၊ သေဆုံးစာရင်များအား စစ်တမ်းကောက်ယူပြီး အောက်တိုဘာလ (၁၈) ရက်နေ့မှစတင်ကာ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူမောင်မောင်