မှော်ဘီ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညပိုင်းအချိန်က လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် အခြေခံပညာကျောင်းများရှိ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ခံဝန်ကတိလွှာ ဖြည့်သွင်းဆောင်ရွက်ခြင်းကို အောက်တိုဘာလ (၁၂) ရက်နေ့မှစ၍ သက်ဆိုင်ရာ ကျောင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဘောတူညီချက်ခံဝန်ကတိလွှာ ဖြည့်သွင်းပြီးသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအနေဖြင့် သတ်မှတ်ထားသော ကာကွယ်ဆေးထိုးမည့် စင်တာများတွင် မပျက်မကွက် လာရောက်ထိုးနှံကြပါရန် အသိပညာပေးနှိုးဆော် တိုက်တွန်းခဲ့ပြီး မှော်ဘီမြို့နယ်တွင် အ.ထ.က(၁၄) ကျောင်း၊ အ.လ.က(၃၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၈)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း (၄)ကျောင်းတို့ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ (၁၆၇၆၃) ဦးကျော်ခန့်အား ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကောင်းမြတ်သူ(ပြန်/ဆက်)