ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာ၌ လူထုစကားဝိုင်းဟောပြော
ကျောက်ဖြူ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာ၊ ဆယ်မာအူးလ်အွန်ဒုန် ဘက်စုံသုံးခန်းမ၌ ယနေ့၊ နံနက် ၉ နာရီအချိန်က လူထုစကားဝိုင်းဟောပြောပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဆယ်မာအူးလ်အွန်ဒုန် မလကျွန်းကျေးရွာ ကော်မတီအဖွဲ့တို့ ပူးပေါင်း၍ အဆိုပါခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲကို ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ခင်စိုး က စပါးစိုက်ပျိုးရာတွင် သမားရိုးကျ စိုက်ပျိုးရေးနည်းစနစ်များကိုသာ လိုက်နာကျင့်သုံးမည်ဆိုပါက ထွက်ရိုး ထွက်စဉ် စပါးကို သာရရှိမည့်ဖြစ်ပြီး၊ စပါးအထွက်နှုန်းပိုစေရန် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီ ဥတုမှန်အောင် စိုက်ပျိုးမှသာ ထွက်နှုန်းကောင်းမှာဖြစ်ပါကြောင်း၊ ယခုတိုးတက်လာသည့် ခေတ်နှင့်အညီ မြေဩဇာများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် မြေဆီပျက်ဆီးခြင်းများဖြစ်ပေါ်ခြင်း၊ မြေဩဇာ ဈေးနှုန်း များမြင့်မားလာသည့်အတွက် သဘာဝ မြေဩဇာကို ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲကြရန် ပြောကြားခဲ့သည်။
ယင်းနောက် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ခင်မာအောင်က 'စာအုပ်စာပေ လူမိတ်ဆွေ' ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ လူငယ်များအနေဖြင့် Mobile ဖုန်းများကိုအသုံးပြု နေသည့်အတွက် စာပေဖတ်ရှုလေ့လာမှုအလွန်နည်းပါးလာ၍ မိမိတို့ဌာန အနေဖြင့် Mobile Library များကို လူစည်ကား ရာနေရာများ၊ ကျေးရွာများသို့အရောက် ကွင်းဆင်းကာ သုတ၊ ရသစာအုပ်များ ငှားရမ်းပေးလျက်ရှိ ပါကြောင်း၊ စာပေမှတဆင့် လူမှုဘဝကိုမြင့်မားလာခြင်း၊ စာပေ လေ့လာဖတ်ရှုခြင်းဖြင့် စိုက်ပျိုးရေးအသိပညာ များရရှိလာမှာဖြစ်တဲ့အတွက် စာများများ ဖတ်ရှုကြဖို့ တိုက်တွန်းလိုပါကြောင်းနှင့် စာပေလေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ၊ရသစာအုပ်များ လည်း ငှားရမ်းပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ တက်ရောက်လာကြသော မလကျွန်းကျေးရွာသူ/ ကျေးရွာသားများနှင့် ဆယ်မာ အူးလ်အွန် ဒုန်ကော်မတီအဖွဲ့များက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူးက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။ 'ဆယ်မာအူးလ်အွန်ဒုန် မလကျွန်းကျေးရွာစီမံချက် ဖြင့် ဆောင်ရွက်နေသည့် ၂၀၂၀- ၂၀၂၁ ခုနှစ် စီမံကိန်းကာလလွန် ကျေးရွာအတွင်းရှိ ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသော လုပ်ငန်းများအတွက် ၁၈၉ ဦးအား သိန်း ၆၀ ကျော်ထုတ်ချေး ထားပြီးဖြစ်ကာ ကျေးရွာနေပြည်သူများ ဗဟုသုတကြွယ်ဝစေရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်စေရန်၊ မျိုးဆက်သစ်လူငယ် များပေါ်ထွက် လာစေရန်ရည်ရွယ်ပြီး ခုလို အသိပညာပေးဟောပြောပွဲများကို နှစ်စဉ်ပြု လုပ်ပေးရခြင်း ဖြစ်ကြောင်း ဆယ်မာအူးလ်အွန်ဒုန် မလကျွန်းကျေးရွာ စီမံကိန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုးသွင်ထံမှသိရသည်။
ဖြိုးဝေလင်း