ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး၊ ပြီးခဲ့သည့် ဩဂုတ်လကုန်မှစ၍ အတည်ပြုလူနာများ ထပ်မံတွေ့ရှိမှုမရှိတော့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်နေ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရပါသည်။
“ကျွန်တော့်နာမည် ကိုဖြိုးဝေလင်းပါ၊ အသက်က ၃၇ နှစ်ပါ၊ ဆိပ်ကြီးအနောက်ရပ်ကွက်မှာ နေပါတယ်၊ ကျွန်တော်က မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီမှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ မြို့နယ် Quarantine Center တာဝန်ခံအဖြစ်ရောပေါ့။ မြို့နယ်မှာ တွေ့ရှိတဲ့ အတည်ပြုလူနာတွေကို ရန်ကုန်ဆေးရုံနဲ့ မြို့နယ်ဆေးရုံပို့တာတွေကို တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ကျွန်တော် အင်းစိန်ဆေးရုံကို လူနာသွားပို့ရင်း လူနာက အသက်အရွယ်ကြီးတဲ့ အမေကြီးပါ Positive လူနာထားတဲ့နေရာနဲ့ ကားရပ်ရတဲ့နေရာက တအားဝေးတော့ အောက်စီဂျင်ပိုက် တပ်ရပ်နဲ့ အဘွားကို အခန်းထဲထိ ကိုယ်တိုင်ကိုယ်ကျဝင်ပို့ခဲ့တယ်။ အဖွားကို ပွေ့ချီပို့ရတာ ဖြစ်တဲ့အတွက် PPE ဝတ်ဆင်ထားသော်လည်း Mask ကျွတ်သွားခဲ့တယ်၊ လူနာက အရမ်းအသည်းအသန် ဖြစ်နေတော့ ကိုယ်မလုပ်ပေးရင် မရတဲ့ အခြေအနေမို့ လုပ်ပေးမိတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို ရောဂါပိုး ကူးတယ်လို့ သံသယရှိခဲ့တယ်။ နောက်နှစ်ရက်မှာ စပြီးဖျားခဲ့တယ်၊ မြို့နယ် ဆရာဝန်မကြီးဆီ အကြောင်းကြားပြီး အသက်ရှူကြပ်တယ်၊ ချောင်းဆိုးတယ်၊ အပျင်းဖျားတဲ့အကြောင်း ပြောတော့ ချက်ခင်းပဲ စစ်ခဲ့ပါတယ်၊ Positive ဖြစ်ကြောင်း သိခဲ့ရတယ်။
ကျွန်တော် Quarantine မှာသွားနေခဲ့တယ်၊ ကိုဗစ် လက္ခဏာတွေက ကျွန်တော့်ဆီမှာ အကုန်ပြတယ်၊ အနံ့မရတာ၊ အရသာမရတာ၊ ဖျားတာ၊ ကျို့ထိုးတာ၊ ချောင်းဆိုးတာ၊ ဝမ်းသွားတာတွေပါဖြစ်ခဲ့တော့ ဆရာမကြီးကိုယ်တိုင် Quarantine Center ကနေ မြို့နယ်ဆေးရုံကို ပြောင်းခိုင်းပြီး ရောဂါအခြေအနေ စောင့်ကြည့်တယ်၊ ချောင်းတွေ အရမ်းဆိုးတော့ ကျွန်တော့်ကို အင်းစိန်ဆေးရုံကို လွှဲပေးတယ်။
အင်းစိန်ဆေးရုံမှာ အောက်ဆီဂျင်ရှူနေပေမဲ့ ၂ ရက် ၃ရက်တိတိမောပြီး စကားတောင်မပြောနိုင်ခဲ့ပါဘူး၊ ဆရာဝန်တွေက CCTV ကနေ ကြည့်ရှုစောင့်ရှောက်ပေးပါတယ်၊ မနက်ဆို သွေးပေါင်ချိန်တယ်၊ ဆီးချိုတိုင်းတယ်၊ အောက်ဆီဂျင်တိုင်းခြင်းများကို မနက်တစ်ခါ၊ ညတစ်ခါ သက်ဆိုင်ရာဆေးရုံ တာဝန်ခံကို ပြောရပါတယ်။
ကျွန်တော့်မြို့က ကျွန်တော်နဲ့အတူ (၃)ယောက် တက်ခဲ့တာ (၂)ယောက် ဆုံးသွားခဲ့တယ်။ ကျွန်တော်က ပထမလှိုင်း၊ ဒုတိယ လှိုင်းထဲက Volunteer အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တာပါ၊ အခု တတိယလှိုင်းပိုးက အရမ်းကိုပြင်းထန်ပါတယ်၊ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်၊ အဓိကကတော့ အစားအစာ အကုန်လုံးအရသာပျက်ပြီး စားလို့မရခဲ့တာပါ၊ ရောဂါစဖြစ် ကတည်းက အစားအသောက် သိပ်မစားဖြစ်ခဲ့တော့ ကိုယ်ခံအားကျလာခဲ့တယ်။ သေဆုံးသွားသူ တော်တော်များများက အစားမစားနိုင်လို့ ကိုယ်ခံအားနည်းပြီး သေဆုံးကြတယ်လို့ ကျွန်တော်ယူဆပါတယ်၊ အဲဒီအချိန်မှာ ကျွန်တော်အစားကို ဝင်အောင်မရရအောင် စားခဲ့တယ်၊ အဲဒီတော့မှ အားပြန်ရှိလာခဲ့တာပါ။ ဘေးကလူတွေကလည်း အစားစားဖို့ တိုက်တွန်းကြတယ်၊ အဲဒီတော့မှ ကျွန်တော်အစားဝင်အောင် စားပြီး ပြန်တိုက်ထုတ်နိုင်ခဲ့တယ်။ နှလုံးခုန်နှုန်း ၆၀ ကျော်နဲ့ အောက်ဆီဂျင် ၈၄ ထိကျခဲ့တဲ့အထိ ဖြစ်ခဲ့တာပါကျွန်တော် ၈ လပိုင်း ၂၈ ရက်နေ့ကစဖြစ်ခဲ့တာပါ၊ မြို့နယ်မှာက ၈ ရက်၊ အင်းစိန်မှာက ၁၃ ရက် ဆေးရုံတက်ခဲ့ရတာဆိုတော့ ရက်၂၀ ကျော် ဝေဒနာခံစားခဲ့ရတယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းကို ထိခိုက်သွားလို့ အသည်းနဲ့ပတ်သက်ပြီး သီးခြားကုသရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားလို့ အခုလို ခံစားရတာပါ၊ အခုတော့ (၁)ကြိမ်ထိုးပြီးသွားပါပြီ နောက် (၁)ကြိမ် ထိုးဘို့ပဲ ကျန်တော့တာပါ၊ အားရှိတဲ့အစားအစာအဖြစ် ကြက်ဥ၊ ဆန်ပြုတ်တွေကို အဓိကထားစားတယ်၊ အစားစားချင် စိတ်ဖြစ်တဲ့အစခါမှာ နီးစပ်ရာ အကုန်မှာစားပြီး အားရှိအောင် လုပ်ပြီး ဒီရောဂါကို တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ဒီရောဂါဖြစ်ရင် အောက်ဆီဂျင်ရှူမှ ဖြစ်မယ်ဆိုပြီး လွဲတဲ့ အယူအဆတွေနဲ့ သေဆုံးတာတွေရှိပါတယ်၊ အောက်စီဂျင်က မတတ်ကျွမ်းတဲ့သူနဲ့ဆို သွေးတွင်း အောက်ဆီဂျင်လျော့ကျမှုနဲ့ အောက်ဆီဂျင်ပေးတဲ့ Pressure မထိန်းနိုင်ရင်လည်း တော်တော်များများ ဒုက္ခရောက်တာတွေရှိလို့ အောက်ဆီဂျင် အသုံးပြုမယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့သူနဲ့ ပြုလုပ်စေချင်ပါတယ်။ နောက်ဆုံး ပြောချင်တာကတော့ အခုမြို့နယ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးတာတွေရှိလို့ သွားရောက်ထိုးနှံထားစေချင်ပါတယ်၊ ကာကွယ်ဆေးထိုးနှံထားမှ ဒီရောဂါ ကူးစက်ဖြစ်ပွားမှုဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်၊ ပြည်သူအားလုံးလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များနှင့် အညီ နေထိုင်သွားကြဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်။
ဝေယံ(IPRD)