ပျော်ဘွယ် အောက်တိုဘာ ၁၂
ပျော်ဘွယ်မြို့နယ်အတွင်း ငရုတ်သီးစိုက်ပျိုးသည့်တောင်သူများအနေဖြင့် ငရုတ်သီး ပေါ်ချိန်ဖြစ်သည့်အတွက် စျေးကောင်းရရှိ၍ အမြတ်အစွန်းကောင်းမွန် လျက်ရှိကြောင်းသိ ရသည်။
ငရုတ်သီးစိုက်ပျိုးသည့် ခင်ကြီးယကျေးရွာနေ တောင်သူ ဦးခင်မောင်တင့် က “ကျွန်တော်ယခု စိုက်ပျိုးထား တာကတော့ (၆;၉;၂)အမျိုးအစားဖြစ်ပြီး နှစ်ဧကစိုက်ပျိုးထားပါတယ်၊ စတင်စိုက်ပျိုးပြီးသုံးလသားခန့်မှာ အသီး စတင် ဆွတ်ခူးလို့ရပါတယ်၊ လိုအပ်တဲ့အချိန်တိုင်း မြေဩဇာကျွေးခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်းတို့ကို ပြုလုပ်ပေးရပါတယ်၊ (၇)ရက်တစ်ကြိမ် ဆွတ်ခူးပြီး တစ်ကြိမ်ဆွတ်ခူးပါက စျေးကွက်ဝင်ငရုတ်ခြောက်အဆင့် ကုန်ချိန်(၁၀၀)ခန့်ထွက်ရှိ ပါတယ်၊ ယနေ့အချိန်အထိ ငရုတ်သီးဆွတ်ခူးတာဟာ (၅)ကြိမ်ရှိပါပြီ၊ ပြုစုမှုကောင်းရင် ကောင်းသလို နောက်ထပ် (၅)ကြိမ်(၆)ကြိမ်ခန့် ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
ပျော်ဘွယ်မြို့နယ်အတွင်း စျေးကွက်အနေဖြင့် ငရုတ်သီးပွဲစားများမှဝယ်ယူလျက်ရှိပြီး ငရုတ်ခြောက်အဆင့် မရောက်မီအနေအထား၌ တစ်ပိဿာလျှင်(၂၈၀၀) ကျပ်ခန့်ဖြင့် ရောင်းချရကြောင်း၊ စျေးကွက်ဝင်ငရုတ်ခြောက်အဆင့် ရောက်ရှိပါက တစ်ပိဿာလျှင်(၃၃၀၀)ကျပ် ဝန်းကျင်အထိရောင်းချရကြောင်း၊ မြို့နယ်အတွင်းရှိငရုတ်စိုက်ပျိုးသည့် တောင်သူအများစုမှာ ငရုတ်ခြောက်ရရှိရေး သဘာဝနေလှန်းခြင်းဖြင့်သာဆောင်ရွက်လျက်ရှိပြီး ငရုတ်အခြောက်ခံ သည့် ပေါင်းဖိုစက်များအသုံးပြုနိုင်သည့်တောင်သူမှာ နည်းပါးကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)