တာချီလိတ် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းနှင့်ထိစပ်လျက်ရှိသော လာအိုနိုင်ငံမိုင်း မောဆိပ်ကမ်းတွင် မြန်မာနှင့်လာအို နှစ်နိုင်ငံမှတာဝန်ရှိသူများက နေရပ်ပြန်လိုကြသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ လွဲပြောင်း ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်းကိုယမန်နေ့က ပြုလုပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးခဲ့ရာ၌ လာအိုနိုင်ငံမှ မြန်မာတာဝန်ရှိသူများအနေဖြင့် နေရပ်ပြန်များကိုတစ်ကြိမ်လျှင် (၂၀၀)ဦးကို ကန့်သတ်လက်ခံရာမှ အကြိမ်အရေအတွက်ကိုတိုးမြင့်ပေးရန်နှင့် တစ်ကြိမ်လျှင်( ၄၀၀) ဦး အထိတိုးမြင့်လက်ခံပေးရန်တို့ကိုဆွေးနွေးခဲ့ကြရာ မြန်မာ တာဝန်ရှိသူများ မှပြန်လည် ဆွေးနွေး ခဲ့ရာ၌ လာအိုနိုင်ငံ အပြင် ထိုင်းနိုင်ငံမှရွှေ့ပြောင်း အလုပ်သမား များကို လည်းပြန်လည် လက်ခံနေ ပါကြောင်း၊ နေရပ်ပြန်များထားရှိမည့် Quatantine Centre ၏ အကျယ်အဝန်းနှင့် ကိုဗစ်စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ရသဖြင့် အကန့်အသတ်ဖြင့်သာ လက်ခံရခြင်းဖြစ်ကြောင်းပြန်လည် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံဘက်မှ ကိုဗစ်-၁၉ တတိယလှိုင်းစတင်ချိန်မှစ၍ လာအိုနိုင်ငံမှမြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ဇူလိုင် ၃၁ ရက်နေ့မှစတင်၍ ပြန်လည်လက်ခံခဲ့ကြရာ ယနေ့အချိန်ထိ(၁၂) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းနှင့် လူဉီးရေစုစုပေါင်း (၃၂၇၇) ဦးကို သက်ဆိုင်ရာနေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။၎င်းအပြင် အောက်တိုဘာ( ၁၆)ရက်နေ့တွင်လည်း (၁၃)ကြိမ်မြောက်အဖြစ် နေရပ်ပြန်( ၄၀၀)ဦးကိုပြန်လက်ခံရန်စီစဉ်ထားရှိကြောင်းသိရသည်။
နှစ်နိုင်ငံဆွေးနွေးပွဲသို့လာအိုနိုင်ငံမှ ဘိုကျောက်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်သော ခရိုင်စစ်ဗျူဟာမှူး၊ ခရိုင်နိုင်ငံခြားရေး ဌာနမှူး၊ကျန်းမာရေးမှူး၊ ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး၊ လူမှုဖူလုံရေးဌာနမှူးနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးအရာရှိနှင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပြီး မြန်မာနိုင်ငံမှ ပြည်ပရောက်မြန်မာနေရပ်ပြန်များပြန်လည်ပို့ဆောင်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင် ဦးဆောင်သော လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဦးသွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်စွာလွင်၊ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှဦးစီးမှူး ဦးထွန်းထွန်းဦးတို့က တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
ယာဆေး(ပြန်/ဆက်)