ရွှေသောင်ယံ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိ အုန်းချောင်းကျေးရွာတွင် နှာစီး၊ ချောင်းဆိုး၊ ဖျားနာသူများ ပြားလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါပိုးပျံ့ပွားမှု လျော့ကျစေရေး ရောဂါပိုးရှိ/ မရှိ စစ်ဆေးပေးခြင်း လုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ပိုးရှိ/ မရှိစစ်ဆေးရာတွင် (၉)ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန်မှ စတင်၍ (၁၁)ရက်နေ့အထိ အုန်းချောင်းကျေးရွာ ဘုရားကျောင်းခန်းမတွင်း စစ်ဆေးရေး Center ပြုလုပ်လျက် ဒေသခံပြည်သူစုစုပေါင်း (၂၁၈) ဦးကို Rapid Antigen Diagonstic Tesk Kit ဖြင့် အခမဲ့ စစ်ဆေးပေးခဲ့ရာ ပြည်သူ(၃၉)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သည်။ ထိုပိုးတွေ့သူများထဲတွင် အသက်(၂)နှစ်နှင့်အထက် ကလေးငယ်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအား အ.ထ.က (အုန်းချောင်း) ကိုဗစ်ကုသရေးစင်တာနှင့် ရွှေသောင်ယံမြို့တိုက်နယ်ဆေးရုံတို့တွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ရွှေသောင်ယံမြို့တွင် ယနေ့အထိ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၈၃)ဦးထိ ရှိလာပြီး လက်ရှိကုသမှု ခံယူနေသူအားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မေကြည်