သထုံ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ်၊ ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမနှင့် သုဝဏ္ဏဝတီမြို့ အထက(ကျိုက္ကော်)ကျောင်း ရွှေရတု ခန်းမတို့၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်၊ ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ပထမအကြိမ် ထိုးနှံပေးခဲ့သည့်အစီအစဉ်တိုင်း စုရပ် (၅) ရပ်သတ်မှတ်ကာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်း(Volunteer) တို့က လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်ကာကွယ် ဆေးထိုး သည့် ပြည်သူများ ပိုမိုများပြားလာသည့်အတွက် ကူးစက်ပြန့်ပွားမှုနှုန်းလည်း သိသိသာသာ လျော့ကျလာပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးထားပြီးသူများသည်လည်း ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက ပြောသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများနှင့် တာဝန်ရှိသူတို့က ထိုးနှံပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ကို ဒုတိယအသုတ်၊ ပထမအကြိမ်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှ အောက်တိုဘာလ ၁၁ ရက်နေ့အထိထိုးနှံပေးခဲ့ရာ လူဦးရေပေါင်း (၄၁၇၆၅) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)