ဗန်းမော် အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း ကာလများ၌ ရောဂါပိုးတွေ့ရှိမှု နည်းပါးခဲ့သော်လည်း ယခုတတိယလှိုင်းတွင် ရောဂါပိုးတွေ့လူနာ များပြားလာလျက်ရှိပါသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသည့် ဟန်းတဲရပ်ကွက်၊ ကန်တော်ရပ်တွင် နေထိုင်သည့် ဦးသိန်းထွန်းအောင် (၅ဝ)နှစ်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါကို ကူးစက်ခံရပြီး ကျန်းမာရေးအခြေအနေတွေ ဘယ်လိုစတင် ခံစားရပါသလဲ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာက ဇူလိုင်လ ၇ ရက်နေ့က စတင်ခံစားရတာပါ၊ စဖြစ်လာတာက နှာချေ၊ ချောင်းဆိုးတယ်၊ ပြီးတော့ ကိုယ်ငွေ့ငွေ့ဖျားလာပါတယ်။ အရမ်းကြီး မဖျားသေးတော့ ပုံမှန်အလုပ်လုပ်ရင်း သုံးလေးရက်မြောက်တော့ အနံ့က စပျောက်လာပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါလို့ သံသယရှိလာတဲ့အတွက် ဘယ်မှာစစ်ဆေးကုသခဲ့ပါသလဲ သိပါ ရစေ။
ဖြေ။ ။ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ သွားပြီးစစ်ဆေးကြည့်လိုက်တော့ Positive ဖြစ်သွားပါတယ်။ ကျွန်တော်တို့ကို သီးခြားခွဲထားပြီး လူနာတင်ယာဉ်နဲ့ ပိုးတွေ့လူနာသီးသန့် ထားရှိတဲ့ နည်းပညာတက္ကသိုလ်ကျောင်းကို လိုက်ပို့ပြီး Quarantine Centre မှာ (၁ဝ)ရက် ဝင်ရောက်ရပြီး ဆေးကုသခံယူခဲ့ရပါတယ်။
မေး။ ။ Quarantine Centre ရောက်တော့ အမြန်ဆုံးကျန်းမာလာအောင် ဘယ်လိုလိုက်နာ ဆောင်ရွက်ခဲ့ပါသလဲ။
ဖြေ။ ။ Positive ဖြစ်သွားတော့လည်း အဖျားက သိပ်ပြီးမကြီးသေးတော့ အားတင်းပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။ ပြည်သူ့ဆေးရုံကြီးက ဆရာဆရာမများက သောက်ဆေးခုနှစ်ရက်စာ ထုတ်ပေးခဲ့ပါတယ်။ Quarantine Centre မှာလည်း တာဝန်ကျတဲ့ ကျန်းမာရေးဆရာဆရာမများက သောက်ဆေးတွေ ပြန်ထပ်ပေးပါတယ်၊ ဆရာဆရာမ ညွှန်ကြားတဲ့အတိုင်း (၁)ရက်ကို သုံးကြိမ် ဆေးပုံမှန်သောက်ပါတယ်။ နေ့စဉ် သွေးပေါင်ချိန်တိုင်းဖို့နဲ့ အောက်ဆီဂျင်တိုင်းတာဖို့ ကိရိယာထားပေးသည့်အတွက် ကိုယ့်ကိုယ်ကို ပုံမှန်တိုင်းပြီး ထူးခြားမှုရှိလာရင်တော့ ဖုန်းနဲ့ဆက်သွယ်ပြီး တာဝန်ကျဆရာဆရာမများကို တင်ပြရပါတယ်။ အောက်ဆီဂျင်ကျသွားတဲ့ လူနာတွေအတွက် အောက်ဆီဂျင်ဘူးအရံသင့် ထားပေးတဲ့အတွက် အဆင်ပြေပါတယ်။ ကျွန်တော်က အနံ့ပျောက်ပြီး နှစ်ရက်သုံးရက်ကြာတော့ အဖျားတက်လာပါတယ်။ ဆရာဆရာမ ပေးထားတဲ့ဆေးကို ပုံမှန်သောက်ပေးတော့ (၃)ရက်နောက်ပိုင်း ပုံမှန်လေးပြန်ဖြစ်သွားပါတယ်။ ရေချိုးလို့တော့ လုံးဝမရပါဘူး၊ ၅ ရက် ၆ ရက် နေမှ ရေနွေးလေးနဲ့ ရေချိုးပေးပါတယ်။ ရေအေးမသောက် ရေနွေးများများသောက်ပေး ရပါတယ်။ Quarantine Centre မှာ (၁ဝ)ရက်ပြည့်ပြီးတော့ ကျန်းမာရေးပြန်ကောင်းလာ တဲ့အတွက် မိမိနေအိမ်မှာ မိသားစုနဲ့ မရောဘဲ ကျန်းမာရေးညွှန်ကြားချက်အတိုင်း (၂)ပတ် သီးသန့် နေထိုင်ရပါတယ်၊ ကျန်းမာရေးပြန်ကောင်းတော့လည်း လှေကားအတက်အဆင်းနဲ့ ပေ(၅ဝ) လောက်လမ်းလျှောက်ရင် မောလာတယ်။ အဲ့အတွက် အားရှိအောင် ငှက်သိုက်တွေ ကြက်ဥ ပြုတ်တွေ စားပေးပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရော ထိုးပြီးသွားပြီလား။
ဖြေ။ ။ ကျွန်တော်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဧပြီလမှစ၍ ၂ ကြိမ်ထိုးပြီးခဲ့ ပါပြီ၊ ကာကွယ်ဆေးထိုးပြီးထားတဲ့အတွက်ကြောင့် ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန် မခံစားခဲ့ရ ပါဘူး။ ဒါကြောင့် ဆေးမထိုးရသေးတဲ့ ညီအစ်ကိုမောင်နှမများကိုလည်း ကာကွယ်ဆေး လာရောက်ထိုးနှံပေးလျှင် မဖြစ်မနေ သွားရောက်ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။
မြသက်ဦး