ဗန်းမော် အောက်တိုဘာ ၁၁
မေး။ ။မင်္ဂလာပါဆရာမကြီးရှင့် ဆရာမကြီးရဲ့နာမည်နဲ့ ရာထူးတာဝန်လေးကို မိတ်ဆက် ပေးပါအုံးရှင့်။
ဖြေ။ ။မင်္ဂလာပါရှင် ကျွန်မ နာမည်ကတော့ ဒေါ်နန်ရာ ဖြစ်ပါတယ်။ ဗန်းမော်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။
မေး။ ။နိုင်ငံတော်အစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ပညာ သင်ကြားနေတဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်လို့ ဆရာမကြီးတို့ ကျောင်းအနေနဲ့ ဘယ်လိုပြင်ဆင် ဆောင်ရွက်ထားပါသလဲရှင့်။
ဖြေ။ ။ ကျွန်မတို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှာ ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းအပ်ထားတဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း (၆၅၈)ဦးရှိပါတယ်။ အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူပေါင်း (၄၆၄)ဦး ရှိပြီးတော့ ယခုကာကွယ်ဆေးထိုးရာမှာ အကျုံးဝင်သည့် အသက်(၁၂)နှစ်မှ (၁၇)နှစ်အတွင်း ကျောင်းသားကျောင်သူဦးရေမှာ (၄၁၀)ဦး ရှိပါတယ်။ မြို့နယ်ပညာရေးမှူးရုံးရဲ့ စီမံခန့်ခွဲမှုအရ ကာကွယ်ဆေးထိုးနှံမည့် စာရင်းကို ကောက်ယူနိုင်ရေးအတွက် ဒီနှစ်ကျောင်းအပ်ထားတဲ့ စာရင်းအပေါ်မှာ အခြေခံပြီး စာရင်းကောက်ယူပြီး ဖြစ်ပါတယ်။
မေး။ ။ စာရင်းပြုစုထားတဲ့ ကျောင်းသားကျောင်းသူများရဲ့ မိဘအုပ်ထိန်းသူများနဲ့ ချိတ်ဆက်ပြီး ဘယ်လိုအသိပညာပေးတွေ ဆောင်ရွက်ပါသလဲရှင့်။
ဖြေ။ ။ ဒီလိုစာရင်းပြုစုထားတဲ့အတိုင်း ကျောင်းသားမိဘများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အိမ်တိုင်ရာရောက် အသိပညာပေး အကြောင်းကြားခြင်းတွေ၊ ပြီးတော့ ကျောင်းသားမိဘများရဲ့ တယ်လီဖုန်းနံပါတ်များကို ချိတ်ဆက်ပြီး အကြောင်းကြား အသိပညာပေးခြင်းတွေ၊ ဗန်းမော်မြို့ရဲ့ လူစည်ကားရာ နေရာတွေမှာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းတွေကို မြို့နယ်ကိုဗစ် ကော်မတီနဲ့ပူးပေါင်း ဆောင်ရွက်ပါတယ်။ ရပ်ကွက်နဲ့ကျေးရွာတွေမှာရှိတဲ့ လူကြီးပိုင်းတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနေတာ ဖြစ်တဲ့အတွက် ကျောင်းသားမိဘများကလည်း မိမိတို့ သားသမီးတွေကို ကာကွယ်ဆေးထိုးဖို့အတွက် သဘောတူတဲ့မိဘတွေက ကျွန်မတို့ကျောင်းကို လာပြီး သဘောတူကြောင်း လက်မှတ်ထိုးကြပါတယ်။ ဒီသဘောတူလက်မှတ်ထိုးခြင်းကိုတော့ ကျွန်မတို့ အတင်းအဓမ္မခိုင်းစေခြင်းကို မလုပ်ပါဘူး။ သဘောတူတဲ့ မိဘများရဲ့ သားသမီး များကိုသာ (Sinovac)ဆိုင်နိုဗက် ရောဂါကာကွယ်ဆေးကို ထိုးပေးသွားမှာဖြစ်ပါတယ်။
မေး။ ။ ဗန်းမော်မြို့နယ်အတွင်းမှာရှိတဲ့ အသက်(၁၂)နှစ်မှ (၁၇)နှစ်အတွင်း အခြေခံပညာ ကျောင်းတွေမှာ ကာကွယ်ဆေးထိုးစုရပ်ဘယ်နှစ်ခုနဲ့ ဆောင်ရွက်သွားမှာပါလဲရှင့်။
ဖြေ။ ။ ဗန်းမော်မြို့နယ်အတွင်းမှာတော့ မြို့နယ်ပညာရေးမှူးရုံးနဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့နဲ့ ပူးပေါင်းပြီး စီစဉ်ထားတာက ကျွန်မတို့ကျောင်း အပါအဝင်စုရပ်(၇)ခုခွဲပြီး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
မေး။ ။ကာကွယ်ဆေးထိုးနှံဖို့ လာရောက်မယ့် ကျောင်းသားကျောင်းသူများနဲ့ မိဘအုပ်ထိန်းသူ များကို ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်များအရ ဘယ်လိုဆောင်ရွက်ထား ပါသလဲရှင့်။
ဖြေ။ ။ ကျောင်းသားကျောင်းသူများနဲ့ မိဘများ ကာကွယ်ဆေးထိုးရန် လာရောက်သည်နှင့် ကျွန်မတို့ တာဝန်ကျဆရာဆရာမများက အရင်ဦးဆုံး နှာခေါင်းစည်း(Mask)တပ်လာပါသလား၊ ပြီးရင် ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လက်ဆေးနိုင်အောင် ညွှန်ကြားပြသပေးခြင်းနဲ့ ကာကွယ်ဆေးထိုးရန် သဘောတူကြောင်း လက်မှတ်ရေးထိုးတဲ့ နေရာမှာလည်း စနစ်တကျ ဖြစ်အောင် တာဝန်ယူပြီး ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။
မေး။ ။ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ ကျောင်းသားကျောင်းသူတွေ အခက်အခဲမရှိ ပညာသင်ကြားနိုင်ဖို့ ဆရာမကြီးတို့အနေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက်မှုတွေ ပြုလုပ်ထားပါသလဲရှင့်။
ဖြေ။ ။ ကျွန်မတို့အနေနဲ့ ကျောင်းတွေပြန်လည်ဖွင့်လှစ်တဲ့အခါ ကလေးတွေအနေနဲ့ အဆင့်သင့် ကျောင်းတက်ပြီး ပညာသင်ယူနိုင်စေရေးအတွက် ကျောင်းဝင်းအတွင်း/အပြင်များကိုလည်း သန့်ရှင်းရေး ပြုလုပ်ပြီး စာသင်ခန်းတွေမှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းနဲ့အညီ ထိုင်ခုံများကို အဆင်သင့်ပြင်ဆင်ထားရှိပါတယ်၊ ကျောင်းတက်တဲ့အခါမှာ လူစုလူဝေးမဖြစ်ပေါ်စေရန် ကလေးတွေက စနစ်တကျနေတတ်သွားအောင် ပညာပေးဖို့ကလည်း အဓိကအရေးကြီး ပါတယ်။
မေး။ ။ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ သင်ကြားရေးပိုင်းမှာ သင်ကြားပြသ ပေးရန်အတွက် ဆရာမကြီးတို့ ပညာရေးဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပြီး ကြပြီလားရှင့်။
ဖြေ။ ။ ပညာရေးဝန်ထမ်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေက လွဲရင် ဆရာ ဆရာမတော်တော်များ ဆေးထိုးပြီးကြပါပြီ။
မေး။ ။ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးမှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားလေးလည်း ပြောပြပေးစေလိုပါတယ်ရှင့်။
ဖြေ။ ။ ကျွန်မတို့ လူကြီးပိုင်းတွေသာမက လူငယ်ပိုင်းရော အခုဆိုရင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးတဲ့အတွက် ကျောင်း ပြန်တက်တဲ့အခါ ကျန်းမာရေးအတွက် စိတ်ချစွာနဲ့ ပညာသင်ယူနိုင်မှာဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။
မြသက်ဦး