မိုးညှင်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မိုးညှင်း အောက်တိုဘာ ၁၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့မရပ်ကွက်ရှိ မင်းရဲကျော်စွာလမ်းနှင့် ပြည်ထောင်စုလမ်းမကြီးထောင့်တွင် ယမန်နေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဇော်ဟန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Phase-3)အဖြစ် ထိုးနှံမည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး “ကျောင်းနေ့အရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” အမည်ပါ ဆိုင်းဘုတ်ကို စိုက်ထူခြင်းနှင့် “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့” ခေါင်းစဉ်ပါ အသိပညာပေး လက်ကမ်းစာစောင်များကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်