ဒလ အောက်တိုဘာ ၁၂
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုတွင် သံဃာတော်များ၊ သီလရှင်များ၊ အသက် ၅၅ နှစ် အထက် သက်ကြီးရွယ်အိုးများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များ၊ စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့် အလုပ်သမားများ ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအနေဖြင့် Sinopharm (Phase1) ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း ၅၃၁၉ ဦးနှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ ၅၀၉၄ ဦးတို့အား အောင်မြင်စွာ ဆေးထိုးနှံပေးနိုင်ခဲ့ပြီး၊ စက်တင်ဘာလ ၁၆ ရက်နေ့ မှ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ Sinopharm (Phase2) ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၁၇၈၈၈ ဦးရှိကြောင်း၊ ဆက်လက်၍ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် သတ်မှတ်ပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ကိုဗစ်တတိယလှိုင်းကာလအတွင်း Sinopharm (Phase2) ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်၍ ထိုးနှံကြသော အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးစားပေးအစီအစဉ်အလိုက် အကြုံ ဝင်သော ပြည်သူများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးမှုကြောင့် ဝမ်းသာမှုနှင့် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား လာရောက်ထိုးနှံကြဖို့ တိုက်တွန်းခြင်းစသည့် ၎င်းတို့၏ ရင်တွင်း စကားသံများကို တွေ့ဆုံမေးမြန်း လိုက်ပါရသည်။
ဉီးခင်မောင်လတ် (တပင်ရွှေထီးရပ်ကွက်၊ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း၊ ဒလမြို့နယ်)
“ အသက် ၆၀ နှစ်ရှိပါပြီး၊ အလုပ်အကိုင်က ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာ လုံခြုံရေးတာဝန် အလုပ်လုပ် ပါတယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးချင်နေတာကြာပြီး၊ ခုမှ အလှည့်ရောက်တာ၊ ရပ်ကွက်က အသက် ၅၅ နှစ်အထက် သက်ကြီးသူတွေ ကာကွယ်ဆေးထိုးနှံကြဖို့ အသိပေးကြေငြာတာကြားလို့ ပထမအကြိမ် လာရောက်ထိုးနှံတာပါ၊ ကာကွယ်ဆေးထိုးထားတဲ့သူက မထိုးထားတဲ့သူတွေနဲ့စာရင် ရောဂါ ကူးစက်မှုဖြစ်ရင် အရမ်းဝေဒနာမခံစားရဘူးလို့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား သတင်းတွေကနေ သိရတယ်၊ သတင်းကို အမြဲတမ်းကြည့်တယ်၊ ကျန်းမာရေးအသိပညာတွေ လိုက်နာနိုင်တယ်၊ အများကြီး ကာကွယ် ပေးနိုင်တယ်၊ တစ်ချို့ဆိုရင် အပြင်ထွက်ရင် နှာခေါင်းစည်းမတပ်ဘူး၊ သွားချင်ရာသွား၊ လာချင်ရာ လာနေကြတယ်၊ လက်ရှိမှာလည်း ရောဂါက ထပ်တွေ့နေရတာ ဖြစ်တဲ့အတွက် မပေါ့ဆသင့်ဘူး၊ စည်းကမ်းလိုက်နာသင့်တယ်၊ ဒီကာကွယ်ဆေးက လူသန်းပေါင်းများစွာကို ထိုးနှံပေးနေတာဖြစ်တဲ့အတွက် ပြည်သူတွေအားလုံးက မဖြစ်မနေ လာရောက်ထိုးနှံသင့်ပါတယ်၊ ခုလို ကာကွယ်ဆေးထိုးနှံပေးကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ” ဟု ပြောသည်။
ဒေါ်အုန်းကြည်(တာကြီးရပ်ကွက်၊ ဒလမြို့နယ်)
“အသက် ၅၉ နှစ်ရှိပါပြီး၊ ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးခြင်းဖြစ်ပါတယ်၊ ရပ်ကွက်ကလည်း ကြေငြာပေးတယ်၊ သက်ကြီးပိုင်းတွေအတွက် ပိုပြီးကောင်းပါတယ်၊ အိမ်မှာပဲ ချက်ပြုတ်လုပ်ကိုင်နေရတာ ဆိုပေးမယ့် ရောဂါ ကူးစက်မှုမဖြစ်ဘူးလို့ မပြောနိုင်ဘူး၊ အပြင်မှာ ကာကွယ်ဆေးထိုးရင် ပိုက်ဆံ ပေးရတယ်၊ အန်တီတို့က ပိုက်ဆံမှ မရှိတာ ခုလို အခမဲ့ဆေးထိုးနှံပေးတာ ပိုပြီးတော့ဝမ်းသာတာပေါ့၊ ထိုးခြင်းတိုင်းလည်း ထိုးလို့ရတာမှ မဟုတ်တာ၊ သူအချိန်နဲ့သူထိုးရတာ၊ ခုကာကွယ်ဆေးထိုးပြီးတယ် ဘာမှ မခံစားရဘူး၊ အန်တီက သွေးတိုးအခံရှိတယ်၊ အစားအသောက်ဆင်ခြင်နေရတယ်၊ ကိုယ်လက်တွေ ကိုက်ခဲလာပြီးဆို ဆေးခန်း သွားပြတယ်၊ သွေးတိုးရောဂါရှိလည်း ကာကွယ်ဆေးထိုးလို့ရတယ်ဆိုတာသိတဲ့အတွက် လာပြီးတော့ ကာကွယ် ဆေးထိုးနှံတာ၊ ထိုးတဲ့သူတွေလည်း ထိုးကြပါတယ်၊ မထိုးတဲ့သူတွေကြတော့ တိုက်တွန်းလို့လည်း မဖြစ်ဘူးလေ၊ ကိုယ်က ကောင်းလို့ ထိုးစေခြင်းတာ၊ အများတကာလည်း ကာကွယ်ဆေးကို လာရောက် ထိုးနေကြတာပဲ ဘာမှ ဖြစ်တာမှမရှိတာ၊ ၇ ရက်သားသမီးတွေ ကျန်းကျန်းမာမာနဲ့ဖြစ်အောင် ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ” ဟု ပြောကြားသည်။
ဦးကျော်သီဟ (ကမာကဆစ်ရပ်ကွက်၊ ဒလမြို့နယ်)
“ အသက် ၄၈ နှစ်ပါ၊ အဓိကတိုက်တွန်းချင်တာကတော့ ကာကွယ်ဆေးကို လူတိုင်းထိုးသင့်ပါတယ်၊ လူတိုင်းထိုးမှလည်း ဒီရောဂါအခြေအနေက ကျဆင်းမှာဖြစ်တယ်၊ ကျွန်တော်တို့ အလုပ်လုပ်နိုင်မယ်၊ စီးပွားရေး လုပ်ကိုင်နိုင်မယ်၊ လူမှုရေး ၊စီးပွားရေး၊ ကျန်းမာရေးတွေ ပြန်ပြီးတော့ လုပ်နိုင်မှာဖြစ်ပါတယ်၊ လူတိုင်းထိုးနှံဖို့ တိုက်တွန်းချင်ပါတယ်၊ ကျွန်တော်တို့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ပထမအကြိမ် လာရောက်ပြီး ထိုးနှံတာပါ၊ ကာကွယ်ဆေးထိုးလိုက်တာက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ခံစားရရင်တောင် သေဆုံးမှုနှုန်းက ကျဆင်းမှာ ဖြစ်ပါတယ်၊ ကာကွယ်ဆေးထိုးခွင့်ရတာ အင်မတန်ဝမ်းသာပါတယ်၊ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်း မည်သည့် အစီအစဉ်နဲ့ဖြစ်ဖြစ် ထိုးနှံသင့်ပါတယ်၊ အဓိကတော့ ဒီအရပ်မှာ ဒီကာကွယ်ဆေးထိုးလို့ သေသွား တယ်လို့ ဘာလို့ ဒီကောလဟာလတွေနဲ့ မြို့ပေါ်မှာဖြစ်ဖြစ်၊ ရပ်ကွက်တွေမှာဖြစ်ဖြစ်၊ ကျေးလက်တွေမှာဖြစ်ဖြစ် ဒါမျိုးပြန့်နှံပြီး မထိုးကြတော့ဘူး၊ ဒါကတော့ မဟုတ်ပါဘူး၊ သူ့ဟာသူ အကြောင်းအကြောင်းကြောင့် တိုက်ဆိုင်လို့ ဒါမျိုး ဖြစ်တောင့်ဖြစ်ခဲကိစ္စတွေ ရှိမှာပေါ့၊ အဲ့တော့ ဒီကာကွယ်ဆေးထိုးလို့ သေတယ်ဆိုတာ မဟုတ်ပါဘူး၊ ဥပမာ နှလုံးရောဂါသည်တွေ၊ နှလုံးစက်တပ်ထားသူတွေ အများကြီးလာထိုးနေကြတာပဲ၊ လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးရမှာဖြစ်ပါတယ်၊ ထိုးနှံမှပဲ ကျွန်တော်တို့ တိုင်းပြည်မှာ ကိုဗစ်-၁၉ ရောဂါ ကျဆင်းသွားမယ်၊ အဲ့တော့မှာ ကျွန်တော်တို့ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အစစအရာရာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်၊ ကာကွယ်ဆေးထိုးနှံကြဖို့ အများကြီးတိုက်တွန်းချင်ပါတယ်" ဟု ပြောကြားခဲ့သည်။
နိုင်လင်းကျော်(IPRD)