သာစည်မြို့နယ် ညောင်တိုကျေးရွာတွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၃၁ သန်းကျော်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် ကျေးလက်ရေရှိရေးလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီး

မိတ္ထီလာ၊ အောက်တိုဘာ ၁၂

 

မိတ္ထီလာခရိုင် သာစည်မြို့နယ် ညောင်တိုကျေးရွာတွင်  ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၃၁ သန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ် ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကွပ်ကွဲမှုအောက်ရှိ သာစည်မြို့နယ် တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၃၁.၃၄)သန်းဖြင့်် တင်ဒါအောင်မြင်သည့် Aquifer Co;ltdမှ တာဝန်ယူ၍ ညောင်တိုကျေးရွာတွင် အကျယ် ၄လက်မ အနက် ပေ ၄၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ အကျယ် ၅ ပေ ပတ်လည် အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းနှင့် အရှည် ပေ ၆၅၀၀ရှိ အကျယ် ၂ လက်မ ရေပိုက် သွယ်တန်းခြင်း လုပ်ငန်းများကို  ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ဆောင်ရွက် လျက်ရှိ လျက်ရှိရာ ၎င်းကျေးလက်ရေရရှိရေး လုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သည်။

 

အဆိုပါ ကျေးလက်ရေရရှိရေး လုပ်ငန်း ပြီးစီးနေမှု အခြေအနေကို ခရိုင်ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း ၊ သာစည်မြို့နယ် ဦးစီးမှူး ဦးကျော်စိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။  ၎င်း ကျေးလက် ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ညောင်တိုကျေးရွာရှိ အိမ်ခြေ ၂၈၇ မှ လူဦးရေ ၁၂၉၇ ဦးအား ရာသီမရွေး သောက်သုံးရေ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

            

မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၄၅၉.၆၀၃ သန်းဖြင့် ခရိုင်အတွင်းရှိ ကျေးရွာ(၂၃)ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။                                

                                                                                         

 

သိန်းမြင့်ကျော်(မိတ္ထီလာ)