နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ (အောက်တိုဘာလမှ မတ်လ) စီမံကိန်းရည်မှန်းချက်များနှင့် နေပြည်တော်ကောင်စီ၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့နှင့်အညီ ပြည်သူတို့အတွက် အဓိကလိုအပ်ချက်များ ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးတွင် အခြေခံကျသည့်လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ဒေသသောက်သုံးရေ ဖူလုံစွာရရှိရေး၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေး၊ ဒေသန္တရကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပညာသင်ကြားရေးပိုင်းဆိုင်ရာ အဆောက်အဦများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ စီမံကိန်း (အောက်တို ဘာလမှ မတ်လ) စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် (၆)လ စီမံကိန်း ဖြစ်သော်လည်း လုပ်ငန်းများကို ရည်မှန်းချက်ပြည့်မီပြီး သတ်မှတ်ချက်များနှင့်အညီ အချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုရန်ပုံငွေ၊ နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်း စီမံကိန်းများ အကောင်အထည် ဖော်ရာတွင်လည်း ပြည်သူများ၏ အကျိုးကိုရှေ့ရှူပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် မရှိစေရေးတို့ကို သက်ဆိုင်ရာဌာန များက အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းတိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ (၆)လ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်စီမံကိန်းဦးစီးရုံး ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊(၆)လစီမံကိန်းရည်မှန်းချက်များ၊ ကဏ္ဍများအလိုက်ဆောင်ရွက်မည့် အစီအစဉ်များ နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီကို လည်းကောင်း၊ လယ်ယာ ကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော် စိုက်ပျိုးရေးဦစီးဌာနကို လည်းကောင်း အပ်နှံတာဝန် ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးမင်းနောင် က စက်မှုကဏ္ဍကြီး စီမံကိန်း ရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော်စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနကို လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော် လမ်းဦးစီးဌာနကို လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နေပြည်တော်ကျေးလက်လမ်း ဦးစီးဌာနကို လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က ဝန်ဆောင်မှုကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန ကိုလည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကိုလည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နေပြည် တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ထိန်းသိမ်းရေး)ကို လည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းကို လည်းကောင်း၊ စီမံကိန်းရည်မှန်းချက်များကို ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကို လည်းကောင်း၊ စီမံကိန်းရည်မှန်း ချက်များကို ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကို လည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဥတ္တရခရိုင် အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့(၄)ဖွဲ့ကို လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(၄)ဖွဲ့ကို လည်းကောင်း စီမံကိန်း ရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အပ်နှံတာဝန်ပေးအပ်ရာ သက်ဆိုင်ရာဌာန ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)