မံစီ အောက်တိုဘာ ၁၁
မေး။ ဆရာမကြီးတို့ရဲ့ အထက်တန်း/ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိပါစေရှင့်။
ဖြေ။ အသက် ၁၂ နှစ်အထက် အထက်တန်းအလယ်တန်း ကလေးများကို ကာကွယ်ဆေးထိုးဖို့အတွက် ကျွန်မတို့မြို့နယ်မှာ ရှိတဲ့အထက်ဆင့်သင်နှင့် လယ်ဆင့်သင်ကျောင်းက ကျောင်းအုပ် ဆရာ/ ဆရာမကြီးတွေကို မဖြစ်မနေ အစည်းအဝေးခေါ်ပြီးမှ အခြေခံစာရင်းကောက်ယူ နေပါတယ်၊ ကောက်ယူတဲ့နေရာမှာ အထက်တန်းအလယ်တန်း အကုန်လုံးကိုကောက်ရပါတယ် အဲဒီထဲကမှ ၁၂ နှစ်ရဲ့အထက်ကိုတစ်ခါပြန်ရွေးထုတ်ရပါတယ်။ ရွေးထုတ်ပြီးတဲ့အခါကြမှ ဆေးထိုးမည့်ဆေးထိုးစုရပ်ကို တစ်ခါပြန်ခွဲရပါတယ်။ ဆေးထိုးစုရပ်တွေကို မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်ညှိနှိုင်းပြီးတော့ ကြိုတင်ပြင်ဆင်ရပါတယ်။ ကြိုတင်ပြင်ဆင် ပြီးမှ စာရင်းတွေကို ကောက်ယူနေပါတယ်။
မေး။ ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေးလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲ ရှင့်။
ဖြေ။ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီရဲ့ ညွန်ကြားချက်နဲ့အတူ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေက လည်းရပ်ရွာတွေမှာ အသံချဲ့စက်များ နှင့်လှည့်လည်နိုးဆော်ပေးတာတွေရှိပါတယ်။ စာသင်ကျောင်းများမှလည်း စာရင်းလာရောက်ပေးသည့် ကျောင်းသား/ ကျောင်းသူများနှင့် မိဘများကို ကျောင်းအုပ်ကြီးများမှတဆင့် နုတ်ဖြင့်လည်းကောင်း၊ နံရံကပ်စာစောင်များဖြင့် အသိပေးတယ်။ ပြီးတော့ ကာကွယ်ဆေးထိုးရမည့် ကလေးများ၏အနေအထား မထိုးရမည့်ကလေးတွေရဲ့ အနေအထားပါတဲ့ လက်ကမ်းစာစောင် များကိုဖတ်ရှုစေပြီး လက်မှတ်ထိုးခိုင်းတဲ့ အစီအစဉ်တွေ လည်းရှိပါတယ်။
မေး။ မကြာခင်မှာ အခြေခံပညာကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်တော့မယ်လို့သိရပါတယ်။ ကျောင်းတွေပြန်လည်ဖွင့် ဖို့အတွက် ဆရာမကြီးတို့အနေနဲ့ဆောင်ရွက်ထားရှိမှုလေးကို သိချင်ပါတယ်ရှင့်။
ဖြေ။ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက်လည်း စာသင်ကျောင်းများတွင်လိုအပ်သည့် ကျောင်းပတ်ဝန်ကျင်း သန့်ရှင်းရေး၊ ရေရှိရေးနှင့် လက်ဆေးဘေစင်များစသည်ဖြင့် လိုအပ်သည်များ ကို ရပ်ရွာမိဘပြည်သူတွေများနှင့် ကောင်းမွန်စွာ ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
မေး။ အခုကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ကြားသိရပါတယ်။ ဆရာ၊ ဆရာမအားလုံးရော ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြပြီလားရှင့်။
ဖြေ။ ကိုဗစ်ကာကွယ်ဆေးကို ဆရာ/ဆရာမအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော် မြို့နယ်အတွင်း မှာထိုးထားပါတယ်။ မြို့နယ်၏အခက်အခဲအချို့ကြောင့် အခြားနီးစပ်ရာ မြို့နယ်တွေမှာ ထိုးထားနှံထား တွေလည်းရှိပါတယ်။ အဲတာတွေ ပါပေါင်းရင်တော့ ရာခိုင်နှုန်းတော်တော် များများပြီးပါပြီ၊ မထိုးရသေးသူတွေကတော့ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင် လောင်းတွေလောက်ပဲ ကျန်ပါတော့တယ်။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနိုင်မှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကို ပြောကြားပေးပါရှင့်။
ဖြေ။ ကျွန်မကတော့ ကာကွယ်ဆေးထိုးမယ်ဆိုတော့ ကလေးတွေများလာထိုးပါ့မလား စိတ်ပူမိပါတယ် ဒါပေမယ့် အခုကြတော့ ဆေးထိုးမယ်ဆိုပြီး စာရင်းစကောက်သည့်ချိန်မှစပြီး ယနေ့ နံနက်ပိုင်း အထိ အသက် ၁၂ နှစ်ပြည့်ပြီးသူ ၂၈၁၈ ဦးရှိသည့်အနက် ၁၄၁၉ ဦးလာရောက် စာရင်းပေးသွင်းပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း စာရင်းကောက်နေပါတယ်။ ဒါကြောင့် စိတ်ချမ်းသာမိပါတယ်။ ကလေးတွေက နုနယ်သေးတယ် ကာကွယ်ဆေးထိုးပြီး ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ နေထိုင်သွားမယ်ဆိုရင် ကျွန်မတို့ကလေးတွေရဲ့အနာဂတ်က ကောင်းလာ မယ်အခုဆိုရင် ကျောင်းပိတ်ထားရတာ ၂ နှစ် နီးပါးရှိနေပြီ ကျောင်းဖွင့်နိုင်တော့မယ်ဆိုတော့ ကလေးတွေအတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။
မေး။ ဆရာမကြီးတို့အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။
ဖြေ။ ဟုတ်ကဲ့ပါ ကျွန်မတို့ မံစီမြို့နယ်ကို ဒီလိုမျိုးလာပြီးမေးမြန်းပေးတဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကိုလည်း ကျေးဇူးတင်ပါတယ် ဒီလိုမေးမြန်းတင်ပြ မှုတွေေကြောင့်မြို့နယ်ရဲ့ ကောင်းကျိုးလိုအပ်ချက်တွေကို ပြည်သူများ၊ နိုင်ငံတော်အကြီး အကဲများသိရှိပြီး မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးသက်ရောက်စေမည်ဖြစ်တဲ့အတွက်ဌာနကို ကျေးဇူးတင်ပါတယ်။