ကျောက်ဖြူ အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပင်လယ်ကမ်းခြေ၌ ရွေ့လျားစာကြည့်တိုက် Mobile Library အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ် စနေနေ့တိုင်း ကွင်းဆင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်ထက် ယခုအကြိမ်တွင် စာအုပ်စာပေ ငှားရမ်းဖတ်ရှုသူ ပိုမိုများပြားလာကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “ကျွန်မတို့က ကျောက်ဖြူမြို့မှာရှိတဲ့ လူငယ်၊လူရွယ်တွေကို စာအုပ်စာပေတွေ လေ့လာဖတ်ရှုမှု ပိုမိုတိုးလာစေဖို့၊ စာပေဖတ်ရှုခြင်းကြောင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေဖို့နဲ့ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေဖို့ ရည်ရွယ်ပြီးတော့ အောက်တိုဘာလ ၂ ရက်နေ့ကစပြီး ဒီကမ်းခြေမှာ ရွေ့လျားစာကြည့်တိုက် Mobile Library ကိုဖွင့်လှစ်ခဲ့ပါတယ်၊ ပထမအကြိမ်ဖွင့်လှစ်ဆောင်ရွက်တုန်းက လာရောက်ဖတ်ရှုတဲ့သူတွေ နည်းပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ စာပေလေ့လာဖတ်ရှုသူတွေ တော်တော်ကြီးကို တိုးလာတာတွေ့ရပါတယ်”ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/စာစောင် စသည့်စာအုပ်ပေါင်း ၈၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အဆိုပါ ပင်လယ်ကမ်းခြေသို့ အပမ်းဖြေရန် လာရောက်ကြသည့် လူငယ်၊လူရွယ်များမှ စိတ်အားထက်သန် ပျော်ရွှင်စွာဖြင့် ငှားရမ်းခဲ့ကြသည်။
ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ယင်းသို့ Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ပြီး စာအုပ်၊ စာပေ ငှားရမ်းသူများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ငှားရမ်းပေး လျက်ရှိကြောင်း သိရသည်။
ဇူလိုင်ကြယ်(ပြန်/ဆက်)