ပေါက် အောက်တိုဘာ ၁၁
ပေါက်မြို့နယ်အတွင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ် အတွင်း စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးအား မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းများရှိ ကျောင်းအပ်နှံထားသူများ၊ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများတွင် ကျောင်းအပ်နှံထားသူများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ အသက်(၁၂)နှစ် ပြည့်ပြီး အသက်(၁၈)နှစ် မကျော်သူ များကို ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac အား ပထမအကြိမ်အဖြစ် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်မှ နိုဝင်ဘာလ ပထမပတ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ ဒုတိယအပတ်မှ ဒီဇင်ဘာလ ပထမအပတ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်မြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အခြေခံပညာ ကျောင်းများတွင် ကာကွယ်ဆေးထိုးနှံမည့် စုရပ်(၃)ခုဖြင့် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသား/သူများသည် မိဘအုပ်ထိန်းသူနှင့်အတူ ကျောင်းသား၏ နိုင်ငံသားစိစစ်ရေး ကတ် (သို့မဟုတ်) မွေးသက္ကရာဇ် အမှန်သိရှိနိုင်ရေး သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်များ ယူဆောင်လာရမည် ဖြစ်ကြောင်း အသက်(၁၂)နှစ်မပြည့်သေးသူနှင့် အသက်(၁၈)နှစ်ကျော်သည့် ကျောင်းသား/သူများနှင့် လတ်တလော ဖျားနာနေသည့် ကျောင်းသား/သူများအား ဆေးထိုးနှံပေးမည် မဟုတ်ကြောင်းလည်း သိရသည်။
ဥမ္မာကျော်(ပြန်/ဆက်)