ရသေ့တောင် အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် အသပ်(၁၈)နှစ်အထက် ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) Phase-2 ပထမအကြိမ်ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ် (၄)ခုတွင် ယမန်နေ့မှစ၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းအား သတ်မှတ်စုရပ်များဖြစ်သည့် ရသေ့တောင် အထက(၂)၊ ကူတောင်(အထက)၊ အငူမော်ကုန်တန်း(အလက)နှင့် ကုန်တန်း ကျေးရွာ (အလက)တို့တွင် ရပ်ကွက်၊ ကျေးရွာများတွင်နေထိုင်ကြသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက်ရှိသည့် ဒေသခံ ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ တင်မြင့်ဦးတို့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများ ဖြစ်သည့် ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးအတွင်းအောက်ဆီဂျင် တိုင်းခြင်းများ ပြုလုပ်ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၈)နှစ် အထက်ဒေသခံ ပြည်သူစုစုပေါင်(၁၈၆၀)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့်ဒေသခံ ပြည်သူများကိုလည်း သတ်မှတ်စုရပ်များတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)