မိုင်းဆတ်မြို့၌ မျိုးကွဲနုတ်ပယ်ခြင်းနှင့် အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း တောင်သူ အသိပညာပေး ကွင်းတွင်းလက်တွေ့ပြသ

မိုင်းဆတ် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မျိုးကွဲနုတ်ပယ်ခြင်းနှင့် အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ် နည်းကို ယနေ့ နံနက်(၇) နာရီခွဲက ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက မယ်ဆွမ်မြောက် ရပ်ကွက်၊ မျိုးသန့်မျိုးပွား မိုးစပါးစိုက်ခင်းတွင် တောင်သူများအား အသိပညာပေး လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းလွင်က အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း လက်တွေ့ သရုပ် ပြသခြင်းရည်ရွက်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ မျိုးစေ့တာဝန်ခံ ဦးဇော်သိန်းနိုင်က စိုက်ပျိုး ပြီးချိန်မှ ရိတ်သိမ်းချိန်အထိ၊ မျိုးကွဲနုတ်ပယ်ခြင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများ၊ ဗီဇမျိုးသန့်၏ အရည်အချင်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး စိုက်ပညာပေး လုပ်ငန်းတာဝန်ခံ ဦးသောင်းဝင်းမှ အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်ပုံ နည်းစနစ် အဆင့်ဆင့်ကို ကွင်းတွင်းလက်တွေ့သရုပ်ပြသပြီး မျိုးသန့်မျိုးပွားမိုးစပါးစံပြစိုက်ခင်း(၁၀)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများက မျိုးကွဲနုတ်ပယ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့သည်။

အဆိုပါ မျိုးကွဲနုတ်ပယ်ခြင်းနှင့် အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်းတောင်သူအသိပညာပေး ကွင်းတွင်းလက်တွေ့ပြသခြင်း အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းလွင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)