မိုင်းဖြတ် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ၁၁ရက် နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြိုနယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်က ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အသိပေးစာများ၊ ဆေးထိုးစုရပ်နေရာများ၊ စုရပ်နေရာများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးသင့်သူများနှင့် ဆေးမထိုးသင့်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အသိပညာပေး လုပ်ငန်းများကို အသံချဲ့စက် များဖြင့် အသိပေးနှိုးဆော်နိုင်ရေး၊ ဆေးထိုးနှံရေးလုပ်ငန်းများတွင် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ပေးနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက လုပ်ငန်းလိုအပ်ချက်များကို ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
မြို့နယ်အတွင်း အသက်(၁၂)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးစုရပ်နေရာ (၁၀)နေရာတို့တွင် အခြေခံပညာ ကျောင်းပေါင်း (၁၅)ကျောင်းမှ အသက်(၁၂)နှစ်ပြည့်ပြီးသူ အထက်တန်းအဆင့် (၂၂၉)ဦး၊ အလယ်တန်းအဆင့် (၁၁၃၁)ဦး စုစုပေါင်း (၁၃၆၀)ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန်နှင့် ကျောင်းအုပ် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)