ဂွ အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဂွမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်(၃)ခု၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ဂွမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရန် ဆေးအလုံးရေ ၅၀၀ လုံးရရှိထားပြီး လူဦးရေ ၂၅၀၀ ဦး အား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဂွမြို့နယ်၌ အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကစတင် ထိုးနှံပေးခဲ့ရာ ဂွမြို့ဆေးထိုးစုရပ်တွင် ဆေးထိုးနှံမည့် လူဦးရေ(၈၀၀)ဦးအတွက်ကို လည်းကောင်း၊ ဆပ်သွားဆေးထိုးစုရပ်တွင် ဆေးထိုးနှံမည့် လူဦးရေ(၄၅၀)ဦးအတွက်ကို လည်းကောင်း၊ ကျိန္တလီမြို့ဆေးထိုးစုရပ်တွင် ဆေးထိုးနှံမည့် လူဦးရေ(၁၂၅၀)ဦးအတွက်ကို လည်းကောင်း သတ်မှတ်စုရပ်များတွင် နေ့စဉ်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဂွမြို့နယ်အတွင်းရှိ သတ်မှတ်ဆေး ထိုးစုရပ်များတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်