စဉ့်ကိုင် အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ပညာသင်ကြား လျက်ရှိ သော အသက် (၁၂) နှစ်အထက်၊ အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးအား တွေ့ဆုံမေးမြန်ခဲ့သည့် သတင်းအား တင်ဆက်ပေးလိုပါသည်-
မေး။ မင်္ဂလာပါဆရာကြီးရှင့်။ ဆရာကြီးရဲ့ အမည်နဲ့ ရာထူးတာ၀န်လေးကို မိတ်ဆက်ပေးပါ အုံးရှင်။
ဖြေ။ မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်နာမည်ကတော့ ဦးကိုကိုကြီးဖြစ်ပါတယ်။ အခြေခံပညာ ဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ် ပညာရေးမှူးအဖြစ်နဲ့ တာ၀န်ထမ်းဆောင်နေပါတယ်။
မေး။ နိုင်ငံတော်အစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ပညာ သင်ကြားနေတဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်လို့ စဉ့်ကိုင်မြို့နယ်အနေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက် ထားပါသလဲရှင့်။
ဖြေ။ ကျွန်တော်တို့စဉ့်ကိုင်မြို့နယ်အနေနဲ့ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်း ကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲ စုစုပေါင်း(၃၁)ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၄)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၄) ကျောင်း ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးစုရပ်(၃)နေရာစီစဉ်ထားရှိပြီး စဉ့်ကိုင် အ-ထ-က ကျောင်းမှာ (၁၉) ကျောင်း၊ ပလိပ် အ-ထက ကျောင်းမှာ (၁၀) ကျောင်းနဲ့ ဘယ်လင်း အ-ထ-ကကျောင်းမှာ (၁၁) ကျောင်း စီစဉ်ဆောင်ရွက်ထားရှိပြီး ကျောင်းအုပ်ကြီးများကို အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူစာရင်း ရရှိဖို့အတွက် မွေးသက္ကရာဇ် တိုက်ဆိုင် စစ်ဆေးမှုများ ကို ပြုလုပ်စေပြီး ရရှိလာတဲ့ စာရင်းတွေကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ စီမံချက်ရေးဆွဲခဲ့ပါတယ်။
မေး။ ကျောင်းတွေပြန်ဖွင့်လှစ်တဲ့အခါ သင်ကြားရေးအပိုင်းမှာ အထောက်အကူပြုစေဖို့ ဆရာကြီး တို့ ပညာရေး၀န်ထမ်းအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးပြီလားရှင့်။
ဖြေ။ ကျွန်တော်တို့ ပညာရေး၀န်ထမ်းတွေအနေနဲ့ နို့တိုက်မိခင်နဲ့ ကိုယ်၀န်ဆောင်မိခင် တွေကလွဲလို့ တော်တော်များများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပါတယ်။ ကျန်ခဲ့သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသွားဖို့ စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုးနိုင်ဖို့အတွက် ပညာရေးဌာနနှင့်အတူ တစ်ခြားဌာနဆိုင်ရာတွေကရော ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ စီစဉ် ဆောင်ရွက်ထားပါသလဲရှင့်။
ဖြေ။ ကာကွယ်ဆေး လာရောက်ထိုးနှံမည့် ကလေးများကို ကျွန်တော်တို့ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၀င်များ၊ လူမှုရေးသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များ ပူးပေါင်းပြီး တစ်စုတစ်ဝေးတည်း လာရောက်ထိုးနှံကြရန် စီစဉ်ဆောင်ရွက်ထားရှိပါတယ်။
မေး။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ ၀မ်းသာ ပီတိစကားလေး ပြောကြားပေးပါအုံးရှင့်။
ဖြေ။ နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုနှင့်ပတ်သက်ပြီး ကျေးဇူး တင်ရှိပါကြောင်း ပထမဦးဆုံးပြောကြားလိုပါတယ်။ ကျွန်တော်တို့ရဲ့ ကျောင်းသား၊ ကျောင်းသူ တွေဟာ နိင်ငံတော်က အားထားရပြီး အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့အတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးပေးမှုကို ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဖြည့်စွက်ပြောကြားလိုတာကတော့ ကျောင်းတွေပြန်ဖွင့်တဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူတွေ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ထိုးနှံပေးတဲ့ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးပေးကြဖို့အတွက် မိဘများအနေနဲ့လည်း ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံ အပ်ပါတယ်။
၀င်း၀င်းသန်း(စဉ့်ကိုင်)