မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အချိန်မီပြီးစီးစေရေး လုပ်ငန်း ညှိနှိုင်း စည်းဝေးကျင်းပ

မော်လမြိုင် အောက်တိုဘာ ၁၁

မွန်ပြည်နယ်အတွင်း၊ ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ဘဏ္ဍာရေးနှစ်အတွင်း   ဆောင်ရွက်မည့်  ငွေလုံး၊ငွေရင်း လုပ်ငန်းများနှင့် ပတ်သက်၍ အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက  မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌  ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်  ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင်   သတ်မှတ်ထားသည့်  ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ်၊  အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ငွေလုံး၊ငွေရင်း လုပ်ငန်းများနှင့်    ပတ်သက်၍ အချိန်မီပြီးစီးစေရေး ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊   နိုင်ငံတော် ဘဏ္ဍာငွေများ သုံးစွဲရာတွင် ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုသည့် လုပ်ငန်းများ၊  ဒေသန္တရဖွံ့ဖြိုး တိုးတက်ရေးကို အကျိုးပြုသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးကြစေလိုကြောင်း လမ်းညွှန်မှာကြားသည်။

ထို့နောက် တက်ရောက်ကြသည့်  ပြည်နယ်ဝန်ကြီးများနှင့်  သက်ဆိုင်ရာဌာနအလိုက် တာဝန် ရှိသူတို့၏ တင်ပြဆွေးနွေးမှုအပေါ်    ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို   ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဇာဖြူဝင်း(ပြန်/ဆက်)