တောင်ကြီး အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ချယ်ရီမူဆယ်ကုမ္ပဏီမှ ယနေ့နံနက် (၁၀) နာရီအချိန်က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရုံး အစည်းဝေးခန်းမတွင် ဂုတ်ထိပ်ချယ်ရီ ကုမ္ပဏီလီမိတက်မှ မူဆယ်မှန်သားပြင်လျှောက်လမ်း တံတားစီမံကိန်းလုပ်ငန်း ကိစ္စနှင့် ပတ်သက်၍ လာရောက်ရှင်းလင်းကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ချယ်ရီမူဆယ်ဂုတ်ထိပ် မှန်သားပြင် လျှောက်လမ်းတံတား သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ပါဝင် သည် သမိုင်းဝင် ဂုတ်ထိပ်မီးရထား တံတားနှင့် အပြိုင်ဖြစ်ပါကြောင်း၊ တံတားပြီးဆုံးပါက သမိုင်းဝင်နေရာလေးတစ်ခုဖြစ်ပြီး လာရောက်သည့် ပြည်သူများလည်း စိတ်ဝင်စားမည် ဖြစ်ကြောင်းနှင့် မီးရထားလမ်းနှင့်အပြိုင် မှန်သားပြင်လျှောက်လမ်းတံတားဖြစ်၍ အများပြည်သူ များ လမ်းလျှောက်ကာ သဘာဝတော၊ တောင်၊ ရှုခင်းများခံစားနိုင်ဖြစ်ကြောင်း၊ လုပ်ငန်းအတွက်နှင့်ပတ်သက်၍ လိုအပ်သည်များရှိပါက အားလုံး ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြား သည်။
ဆက်လက်၍ ချယ်ရီမူဆယ်ကုမ္ပဏီလီမိတက်၊ မန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းရွှေလီ၊ project Manger ဦးအေးသူ ဒါရိုက်တာ ဦးဝင်းမောင်တို့မှ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းကြပြီး တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနများက အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။
အဆိုပါ ဂုတ်ထိပ်ချယ်ရီမူဆယ်မှန်သားပြင် လျှောက်လမ်းတံတားသည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ရှေးဟောင်းသမိုင်းဝင် တောင်ကြားဖြတ် ဂုတ်ထိပ်တံတား မီးရထားလမ်း၏ ၁.၇၅ ကီလိုမီတာ ဝန်းကျင်တွင် မှန်တံတား စီမံကိန်းတည်ဆောက်မည်ဖြစ်ပြီး မြေယာရှုခင်း အလှနှင့် မှန်တံတားလျှောက်လမ်းအစ ဧရိယာ ၁၇.၃ ဧက၊ မှန်သားပြင် ရှုရပ်တည်ဆောက်မည့် တိုင်နေရာ၏ အောက်ခံဖောင်ဒေးရှင်း တည်နေရာ ၀.၀၂ဧက ရှိပါကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသား ရေးရာဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် သဘာဝမြေသြဇာနှင့် ပတ်သက်၍ ရှင်းလင်းခြင်းအခမ်းအနားကို တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက မိမိတို့ အစိုးရတက်လာသည့်အချိန်တွင် အင်းလေးကန်သည် ပျက်စီးမှုများ တွေ့ရှိရပြီး ပြုပြင်ထိန်းသိမ်းနိုင်ရန် အထက်မှလမ်းညွှန်မှုများရှိပါကြောင်း၊ အင်းလေးကန် သဘာဝ အလှအပများ နှင့်ပတ်သက်၍ ပျက်စီးစေမည့်အရာများ တွေ့ရပါကြောင်း၊ လုပ်ငန်းများ လည်ပတ်မှု မရှိသောကြောင့် ဒိုက်၊ မှော်ပင်အရမ်း များပြား လွန်းသောကြောင့် စိုးရိမ်စရာ များဖြစ်ပြီး တစ်ဖြေးဖြေးနဲ့ အင်းလေးကန်ရေပြင် ပမာဏကျုံ လာသည်ကို တွေ့ရပါကြောင်း၊ ဒိုက်၊ မှော်ပင်များ မဆယ်ပါက အင်းလေးကန် တိမ်ကောသွားနိုင်ကြောင်း၊ သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းနိုင်ရန် ဓါတ်မြေသြဇာနှင့် ရောနှောသုံးနိုင်မည့် သဘာဝသြဂဲနက်စ်မြေသြဇာများ လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိ Supreme Bio Tech ကုမ္ပဏီနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပူးပေါင်းကာ နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှာကြားချက်အတိုင်း မြန်မြန် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ယနေ့တွေ့ဆုံပွဲကို ကျင်းပရခြင်းဖြစ်ပြီး ကုမ္ပဏီဘက်လည်း လိုအပ်သည်များရှိပါက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ဌာနဆိုင်ရာ အကြီးအကဲ များကလည်း ပါဝင်ဆွေးနွေးပေးကြရန်နှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အင်းဘေးကန်လှပသန့်ရှင်းရေး၊ ရေရှည်တည်တန့်ရေး၊ ရေဝေရေလဲ ထိန်းသိမ်းသွားနိုင်ရေး၊ အင်းလေးကန်ရေပြင် သန့်ရှင်းရေးတို့ကို အားလုံးဝိုင်းဝန်း ပူးပေါင်းကြိုးစားပေးကြရန် ပြောကြားသည်။
ယင်းနောက် Supreme Bio Tech Co,Ltd မှ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးထူးထူးအောင်၊ Save the Inna Lake မှ အဖွဲ့ ခေါင်းဆောင် ဦးညီညီ၊ ရှမ်း (တောင်/ရှမ်း) ရှေ့သမအသင်းစု ချုပ်အသင်းဥက္ကဋ္ဌ ဦးကျော်မြခိုင်တို့မှ သဘာဝမြေသြဇာနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းကြပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)