မိတ္ထီလာမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသား/ကျောင်းသူ ၂၂၆ဝ၄ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်

မိတ္ထီလာ   အောက်တိုဘာ  ၁၁

နိုင်ငံတစ်ဝန်း၌  ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာရသည့်ကဏ္ဍများတွင် ပညာရေးကဏ္ဍလည်း ပါဝင်သည်။ ကျောင်းများကို လပေါင်းများစွာ ပိတ်ထားရခြင်းကြောင့် ကျောင်းသား/ကျောင်းသူ ကလေးငယ်များမှာ ပညာရေးနှင့် ဝေးနေရကြရသည်။ မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးကို ရှေးဦးစွာ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါကျောင်းသူ/ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအားဖြင့် ပညာသင်ယူမှုအခွင့်အလမ်းများ  ရရှိလာမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက်  အခြေခံပညာ ကျောင်းသားကျောင်းသူ ၂၂၆ဝ၄ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်များကို လာမည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါကာကွယ်ဆေးထိုးနှံပေးရေးနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေ အနေများကို မိတ္ထီလာမြို့နယ် ပညာရေးမှူး ဦးဝင်းဗိုလ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များထဲမှ တစ်ချို့ကို တင်ပြလိုက်ပါသည်။

မေး။ မြို့နယ်အတွင်းက အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေလေး ပြောပေးပါခင်ဗျာ။

ဖြေ။ အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိုးနှံပေးနိုင်ဖို့  မြို့နယ်အဆင့် လုပ်ငန်းဆောင်ရွက်မှုကော်မတီ၊ ဆေးထိုးအုပ်စုအဆင့် လုပ်ငန်းဆောင်ရွက်မှု ကော်မတီ၊ ကျောင်းအဆင့် လုပ်ငန်းဆောင်ရွက်မှုကော်မတီ ဆိုပြီး ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့ မှာ ကိုဗစ်၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

မေး။ မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်းပေါင်း ဘယ်လောက်ရှိပါသလဲဆရာ။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းအရေအတွက်နဲ့ တစ်ဆက်တည်း မြို့နယ်အတွင်း အသက် ၁၂ နှစ်အထက် အခြေခံကျောင်းသားကျောင်းသူစုစုပေါင်း ဘယ်နှစ်ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးမှာလည်းဆိုတာပါ ဖြေပေးပါဦးခင်ဗျာ။

ဖြေ။ မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်း ၂၆၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၉ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းရှိပါတယ်။ အသက် ၁၂ နှစ်အထက် အခြေခံပညာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၂၆ဝ၄ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

မေး။ အခုလို ကျောင်းသား/ကျောင်းသူများကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းများကိုလည်း ပြောပေးပါဦးဆရာ။

ဖြေ။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူမှုဝန်ထမ်း၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီနဲ့ မီးသတ်တပ်ဖွဲ့တို့ဖြစ်ပါတယ်။

မေး။ ဆေးထိုးစုရပ် ဘယ်နှစ်ခုခွဲပြီးထိုးပေးမှာပါလဲခင်ဗျာ။ ဆေးထိုးစုရပ်တွေနဲ့ ဆေးထိုးပေးမယ့် နေ့ရက်တွေကို သက်ဆိုင်တဲ့ ကျောင်းသား/ကျောင်းသူများ သိရှိလာရောက်ထိုးနှံနိုင်ဖို့အတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါသလဲခင်ဗျာ။

ဖြေ။    ဆေးထိုးစုရပ် ၁၂ နေရာခွဲပြီး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပေးမယ့် နေ့ရက်များနဲ့ နေရာများကို သက်ဆိုင်တဲ့ကျောင်းသားကျောင်းသူတွေ သိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ ကျောင်းအုပ်များမှတဆင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနဲ့ ချိတ်ဆက် အသိပေးသွားမှာဖြစ်ပါတယ်။

မေး။ မြို့နယ်အတွင်း အခြေခံပညာကျောင်းများက ဆရာ/ဆရာမများရော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးပြီလား ခင်ဗျာ။

ဖြေ။ ဆရာ/ဆရာမအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်စီထိုးနှံပြီးစီးပါပြီ။

မေး။ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတဲ့ အခြေအနေလေးကို ပြောပေးပါဦးခင်ဗျာ။

ဖြေ။ မကြာခင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ပြီး စာသင်ခုံများကိုလည်း တစ်ခုံနဲ့ တစ်ခုံ ၄ ပေ စီခြားပြီး စီစဉ်ထားရှိခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ခြင်း တို့ကိုသက်ဆိုင်ရာ ကျောင်းအုပ်များထံ ညွှန်ကြားစီစဉ်ထားပြီးဖြစ်ပါတယ်။

မေး။ ဆရာအနေနဲ့ ဖြည့်စွက်ပြောကြားစရာရှိရင် ပြောပေးပါဦးခင်ဗျာ။

ဖြေ။ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရင် ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်။ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူတွေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးတဲ့အတွက် ပညာသင်ကြား သင်ယူခွင့်ပိုမိုရရှိနိုင်တော့မှာ ဖြစ်တဲ့အတွက် သူတို့လေးတွေအတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။

အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ မကြာမီထိုးနှံပေးတော့မည်ဖြစ်သည်။ ကျောင်းသား/ကျောင်းသူများ၏ ကျောင်းသားမိဘများအနေနှင့်  မိမိတို့၏ ရင်သွေးငယ်များ ပညာသင်ကြားသင်ယူနိုင်ခွင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် ထိုးနှံခွင့်ရရှိသည့် ကျောင်းသားကျောင်းသူတိုင်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။        

တွေ့ဆုံမေးမြန်း/ဓာတ်ပုံ - ချမ်းသာ