ဆီဆိုင်မြို့နယ်တွင် မိဘပြည်သူ စုစုပေါင်း ၁၅၃၄၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

ဆီဆိုင်    အောက်တိုဘာ       ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မိဘပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၉ ရက် မှ အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၉နာရီခန့်က စတင်၍ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန(၈)ခုတွင် သတ်မှတ်ဆေးထိုး စုရပ်များ၌  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm)  ဒုတိယအသုတ်(First Dose) (၈၂၆)လုံး၊ တတိယအသုတ်(First Dose)(၁၂၄၂)လုံးနှင့် စတုတ္ထအသုတ်(First Dose)(၁၀၀၀)လုံး စုစုပေါင်း(၃၀၆၈)လုံးရရှိပြီး မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဆီဆိုင်မြို့နယ် ခန်းမဆောင်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၊ ဘန်းယဉ် ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံ၊ တဘက်ကျေးရွာအုပ်စုရှိ ပန်ကန်း ဘုန်းကြီးကျောင်း၊ တောင်ရှေ့ကျေးရွာအုပ်စုရှိ နောင်ထော်ကျေး လက်ကျန်းမာရေးဌာန၊ နောင်ကျောကျေးရွာအုပ်စုရှိ နောင်ရင်းဒုံ ကျေးလက် ကျန်းမာရေးဌာန၊ နောင်မွန်ကျေးရွာအုပ်စုရှိ နောင်မွန် ကျေးလက်ကျန်းမာရေးဌာန၊ လွယ်ပွတ်ကျေးရွာအုပ်စုရှိ လွယ်ပွတ်ကျေးလက်ကျန်းမာရေးဌာနတို့တွင် မိဘပြည်သူ စုစုပေါင်း(၁၅၃၄၀)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။

အဆိုပါဆေးထိုးလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုကို မြို့နယ်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ တာဝန်ကျဌာနဆိုင်ရာတာဝန်ရှိသူများမှကြပ်မတ်စိစစ်၍ လူမှုရေးအသင်းအဖွဲ့များနှင့်အတူပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)