တာချီလိတ်၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးအပ်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား(၁၅၈)ဉီးအားစနစ်တကျ ကြိုဆိုလက်ခံ

တာချီလိတ် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မြန်မာ-ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရေး တံတား အမှတ်(၂)မှ တစ်ဆင့် ထိုင်းနိုင်ငံမှ လွှဲပြောင်း​လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသား(၁၅၈)ဉီးအား ယနေ့နေ့လည်ပိုင်းက မြန်မာတာဝန်ရှိသူများက စနစ်တကျ ကြိုဆို လက်ခံခဲ့ကြောင်းသိရသည်။

လွှဲပြောင်းပေးအပ်လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသား(၁၅၈)ဉီးတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူအမျိုးသား(၇၂)ဉီး၊ အမျိုးသမီး(၃၉)ဉီး စုစုပေါင်း (၁၁၁)ဉီးနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား(၃၅)ဦး၊ အမျိုးသမီး(၁၂)ဦး၊ စုစုပေါင်း (၄၇)ဉီး တို့ဖြစ်ကြပြီး ၎င်းတို့အား စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများစိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ  ဦးမြင့်နိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးတင်ဦးကျော်နှင့်အဖွဲ့ဝင်များက စနစ်တကျ ကြိုဆိုလက်ခံခဲ့ကြသည်။

၎င်းနေရပ်ပြန် ပြည်သူများကို ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ကျန်မာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit စနစ်ဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရောဂါပိုးတွေ့ရှိသူ  အမျိုးသား (၁၆ )ဉီး၊ အမျိုးသမီး(၂၀)ဉီး စုစုပေါင်း(၃၆)ဉီး ရှိသည်။ ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေးနိုင်ရန် အတွက် ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ကျန်ရှိသည့်နေရပ်ပြန် ပြည်သူများကို ဝမ်လုံး အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ပို့ဆောင်ပေးကာ တတိယမြောက်နေ့တွင် ဒုတိယ အကြိမ်ထပ်မံစစ်ဆေးပြီး ပိုးကင်းစင်သူများကို သက်ဆိုင်ရာ  နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ဝင်ရောက်လာကြသည့် နေရပ်ပြန် မြန်မာနိုင်ငံသားများအား တာချီလိတ်မြို့ရှိ ကြက်ခြေနီ အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ လိုအပ်သည်များ ကူညီပေးခြင်း၊ အမျိုးသား၊ အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်းများကိုထောက်ပံ့ပေးခြင်းနှင့် နေရပ်ပြန်ပြည်သူများ နေရာချထားရေးလုပ်ငန်းများ အဆင်ပြေချောမွှေ့စေရန် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်းသိရှိရသည်။

ယာဆေး(ပြန်/ဆက် )