ကျိုက်ထို အောက်တိုဘာ ၁၁
ကျိုက်ထိုနယ်၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းတွင် သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ-
မေး။ မင်္ဂလာပါရှင့်၊ မကြာမှီတွင်အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေမယ်လို့ ကြားသိရပါတယ်ရှင့်၊ အဲ့ဒါနဲ့ပတ်သက်ပြီး စီစဉ်ဆောင်ရွက် ထားရှိမှုအား သိပါစေရှင့်။
ဖြေ။ ကျွန်တော်တို့ ကျိုက်ထိုမြို့နယ်မှာ ပုံမှန်အားဖြင့် အသက်(၁၈)နှစ်အထက် ပြည်သူတွေကို ကာကွယ်ဆေး ထိုးနှံပေးတာပါ။ ယခုဆိုရင် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်ဆောင်ရွက်တဲ့နေရာမှာ ပထမဦးဆုံးအနေဖြင့် စာရင်းကောက်ယူခြင်း အပိုင်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်မတိုင်ခင်ကာလမှာ ကျောင်းအပ်ပြီး ကျောင်းတက်ခဲ့ကြတဲ့ ကလေးတွေကို ဦးစားပေးပြီး ပညာရေးဌာန ကျောင်းအလိုက်စိစစ်ပြီး စာရင်းကောက်ယူခြင်း ဖြစ်ပါတယ်။ ကျွန်တော်ကျိုက်ထိုမြို့နယ် အနေနဲ့ကတော့ ကျောင်းတက်ရောက်ခဲ့တဲ့ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူပေါင်း (၅၄၇၀)ဦး စာရင်းကောက်ယူရရှိပြီး ဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးပေးမည့် နေ့ရက်နှင့် စုရပ်သတ်မှတ်ထားမှု အခြေအနေနှင့် ပတ်သက်ပြီး ပြောကြားပေးပါဦးရှင့်။
ဖြေ။ ကာကွယ်ဆေးထိုးမဲ့ နေ့ရက်ကတော့ အောက်တိုဘာ(၁၂)ရက်နေ့ စတင်ထိုးပါမယ်။ (၁၂)ရက်နေ့ကနေ (၁၆)ရက်နေ့ထိ (၅)ရက်ထိုးဖို့ စီစဉ်ထားပါတယ်။ ဆေးထိုးစုရပ်တွေ အနေနဲ့ကတော့ (၇)ခုသတ်မှတ်ထားပါတယ်။ မြို့ပေါ်အနေနဲ့က အထက(၁)၊ အထက(၂)၊ ကျေးရွာတွေ အနေနဲ့ကတော့ အထက(ကျူချောင်)၊ အထက (ကင်မွန်းချောင်း)၊ အထက(ကျိုက္ကသာ)၊ အထက(စစ်တောင်း)၊ အထက(သိမ်ဇရပ်) ဆိုပြီး (၇)နေရာခွဲခြားပြီး ဆေးထိုးမှာဖြစ်ပါတယ်။ အဲ့ဒီမှာမှ လူဦးရေအနေအထားပေါ် မူတည်ပြီး အချို့ကျောင်းတွေမှာ(၁)ကြိမ်၊ (၁)ရက်အချို့ ကျောင်းတွေမှာ(၂)ရက်၊ အချို့ကျောင်းတွေမှာ (၃)ရက်ဖြင့် ဆေးထိုးဖွဲ့(၃)ဖွဲ့က စုရပ်အလိုက် ဆေးထိုးသွားမှာဖြစ်ပါတယ်။
မေး။ ကျောင်းသား၊ ကျောင်းသူများ ဆေးထိုးစုရပ်တွေမှာ လာထိုးနိုင်ဖို့အတွက် နှိုးဆော်အသိပေးမှုတွေ ဆောင်ရွက်ထားပုံကိုလည်း ပြောကြားပေးပါဦးရှင့်။
ဖြေ။ နှိုးဆော်တာနဲ့ပက်သက်ပြီး သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ကြီးတွေ ဆရာ/ဆရာမတွေမှ စာရင်းကောက်ယူခြင်း၊ ဆေးထိုးလာရောက်နိုင်ရန် မိဘများနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေသလို ရပ်ကွက်/ကျေးရွာ စာရေးများ၊ အုပ်ချုပ်ရေးမှူးများကလည်း ရပ်ကွက်ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများ ဆေးလာထိုးနိုင်ရေးနှင့် သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များကို အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ကာကွယ်ဆေးထိုးရာတွင် အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်မည့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများအား တာ၀န်ပေးအပ် ထားမှုကိုလည်း ပြောကြားပေးပါဦးရှင့်။
ဖြေ။ ဆေးထိုးအဖွဲ့တွေနဲ့ ဆေးထိုးမယ့်စင်တာတွေမှာ ကတော့အဓိက ပညာရေးဌာနနှင့် ကျန်းမာရေးဌာန ၀န်ထမ်းများ ဖြစ်ပါတယ်။ ပြီးရင်တော့ မိတ်ဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ လူမှု၀န်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမ ဦးစီးဌာနတို့အပြင် ကြက်ခြေနီနှင့် မီးသတ် တပ်ဖွဲ့၀င်တွေမှလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လုံခြုံရေးအနေနဲ့ကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဆေးထိုးစုရပ်တွေကို လုံခြုံရေးပေးနိုင်ဖို့ ဆောင်ရွက် ထားပါကြောင်း တင်ပြအပ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးနှင့် မိဘများ ပူးပါင်းပါ၀င်လာအောင် ဆရာ့အနေနဲ့ တိုက်တွန်းစကားလေးကိုလည်း ပြောကြား ပေးပါဦးရှင့်။
ဖြေ။ ကာကွယ်ဆေးများများထိုးလေ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြန့်ပွားမှုကို ထိန်းချုပ်နိုင်လေပဲ ဖြစ်ပါတယ်။ ဒုတိယလှိုင်းမှာ သိပ်မဖြစ်ပေမယ့် တတိယလှိုင်းမှာတော့ ကာကွယ်ဆေးကို ပြည့်ပြည့်စုံစုံ မထိုးနှံနိုင်တဲ့အတွက် ကျွန်တော်မြို့မှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားခဲ့ပါတယ်။ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ရောဂါဖြစ်ပွားဖြစ်ကိုလည်း တော်တော်လေး ထိန်းချုပ်ခဲ့ရပါတယ်။ ဒါကြောင့်မို့ ကာကွယ်ဆေးကို ကျိုက်ထို မြို့နယ်မှာရှိတဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းလောက် ထိုးထားနိုင်မယ်ဆိုရင် နောင်လာမယ့် (Wave)တွေမှာ ကောင်းကောင်းရင် ဆိုင်နိုင်မယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲ့လိုပဲ ကျောင်းတက်မယ့် ကလေးတွေရဲ့ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီး ဆေးထိုးထားမယ်ဆိုရင် ရှေ့မှာလည်းဖြစ်ခဲ့တာတွေကို မြင်ခဲ့ကြုံခဲ့ကြရပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးထားတဲ့လူတယောက် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရရင်တောင် အောက်ဆီဂျင်မရှူရဘူး၊ သေဆုံးမှုလည်း ၅ ရာခိုင်နှုန်းလောက်ပဲရှိတယ် ဆိုတာကို အဖြေထုတ်လို့ ရပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့သားသမီးတွေ ကိုဗစ်-၁၉ရောဂါ ကင်းရှင်းပြီး ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လိုလိုလားလား ပူးပေါင်း ပါ၀င်စေလိုကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်။
မေး။ ကာကွယ်ဆေးထိုးခြင်းအပေါ် ဆရာ့ရဲ့အမြင်လေးကိုလည်း ဖြည့်စွက်ပြောကြား ပေးပါဦးရှင်။
ဖြေ။ ကျွန်တော်တို့ ယောင်္ကျားလေးအများစုက အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ ကြည့်ကြတယ်။ အဲ့ဒီဘောလုံးပွဲတွေမှာ လူပေါင်း ၅ သောင်း၊ ၆ သောင်းလောက် က Mask မတပ်ဘူး၊ Social Distancing မလိုအပ်ပဲ နဲ့ ဘောလုံးပွဲတွေကို အားပေးနေကြတယ်။ ဒါဘာကြောင့်လဲဆိုတော့ တနိုင်ငံလုံး ကာကွယ်ဆေးကို လွမ်းခြုံထိုးနှံထားပြီ ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ယုံကြည်မှုရှိရှိနှင့် Mask တပ်စရာမလိုပဲ လူတွေပူးကပ်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေထိုင်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်းပဲ ဖြစ်နိုင်ရင် ရာနှုန်းပြည့် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းကို နိုင်ငံတော် အစိုးရအနေနဲ့ရော၊ ပြည်သူလူထုအနေနဲ့ရော ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ကြပါလို့ ဖြည့်စွက် ဆွေးနွေး လိုက်ပါတယ်။
သန်းသန်းမော်(ကျိုက်ထို)