သာစည် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း (ဒုတိယအကြိမ်) ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့သောငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က အမှာစကားပြောကြားရာတွင် ထောက်ပံ့ငွေများကို သက်ဆိုင်ရာအိမ်ထောင်စုများထံရောက်ရှိရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။ဆက်လက်ပြီး မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသော်ကြီးက အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာအိမ်ထောင်စုများသို့ ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ ထိုသို့ထောက်ပံ့ပေးရာတွင် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာ ၈၇ အုပ်စုမှအိမ်ထောင်စုပေါင်း (၃၅၃၈၅) စုအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၀၇၇၀၀၀၀၀) ကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင် များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံရေးပါတီများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)