မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်ခြင်းနှင့် အသက် ၁၂ အထက်ကျောင်းသား/ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

မိုးနဲ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံနေရာ များတွင် လက်ကိုင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ယင်းသို့ နှိုးဆော်ရာတွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ် နိုင်ရန်အတွက် မိမိနေအိမ် များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ် တကျတပ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံကြရန်၊ နှာခေါင်းစည်း mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်း နှင့်သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီး တိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန် နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့်မိဘပြည်သူများမှ ကိုယ်စီ လိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန် စသည့် ကျန်မာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာနှင့် ရှမ်းဘာသာ နှစ်မျိုးဖြင့်  လှည့်လည် တိုက်တွန်းနှိုးဆော်ခြင်းနှင့် အသက်၁၂ နှစ် အထက်ကျောင်းသား/ကျောင်းသူများအား ကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)