မိုးညှင်း အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ဝန်ထမ်းများအား ရုံးလုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင် ရန်အတွက် အခြေခံကွန်ပျူတာသင်တန်းကို အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထိုသင်တန်းတွင် သင်ကြားပေးသည့် ဘာသာရပ်များမှာ Microsoft Word ၊ Microsoft Excel ၊ Page Maker ၊ Microsoft Power Point တို့ကို တစ်ပတ်လျှင် တစ်မျိုးနှုန်းဖြင့် လေးပတ်အတွင်း အခြေခံကွန်ပျူတာဘာသာရပ်များကို တတ်မြောက်အောင် ကြပ်မတ်သင်ကြားသွားမည် ဖြစ်သည်။
"ဦးစီးဌာနရဲ့ လမ်းညွှန်မှုကြောင့် ဒီသင်တန်းဖွင့်ဖြစ်တာမှန်ပေမယ့် လက်အောက်ဝန်ထမ်းများ အားလုံးကို အငယ်တန်းစာရေး အဆင့်မှ ဒုတိယဦးစီးမှူးအဆင့်ထိ လုပ်သက်များလာလို့ ရာထူးကြီးသွားတာမျိုး မဖြစ်စေချင်ဘူးပေါ့၊ အဓိကကတော့ သူတို့ရဲ့ရာထူးအဆင့်နဲ့လျော်ညီတဲ့ အရည်အချင်းနဲ့ ကိုက်ညီစွာ လုပ်ငန်းကျွမ်းကျင်မှုရှိအောင် လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ပါတယ်။ နောက်ထပ်ငွေစာရင်းရေးဆွဲနည်း၊ ရုံးလုပ်ငန်းများနဲ့ အခြားသင်တန်းတွေကိုလဲ ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ လဲရှိပါတယ်။"ဟု ကျောင်းအုပ်ကြီးဦးအောင်သူက ပြောသည်။
အဆိုပါ သင်တန်းကို ကျောင်းအုပ်ကြီး ဦးအောင်သူ၊ ဒုတိယကျောင်းအုပ် ဦးရန်ပိုင်အောင်တို့က ကြပ်မတ်ပြီး ဝန်ထမ်း(၁၀)ဦးတို့အား ရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ အချိန်ပိုင်းခြား၍ တစ်လတိတိ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)