ညောင်ရွှေ ဩဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ အိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ညောင်ရွှေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့်ဦးသိန်းဇော်မိုးတို့က အသီးသီးအမှာစကား ပြောကြားကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ထောက်ပံ့ကြေးပေးအပ်ခြင်း ရည်ရွယ်ချက် နှင့် ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က မြို့နယ်အတွင်းရှိသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားများ၏ အိမ်ထောင်စုပေါင်း(၅၁၂၇)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀/)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁၀၂,၅၄၀,၀၀၀/)အား သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေး တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြကြောင်း နှင့် အခြေခံလူတန်းစား များ လက်ဝယ်အရောက် ထပ်ဆင့်ပံ့ပိုးပေးနိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ