ကျောက်ဖြူ အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အာဆီယံအဆင့် ဒီရေတောဆိုင်ရာ ပန်းချီပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့် အသက် ၁၂ နှစ်အရွယ် ဆဌမတန်းကျောင်းသူ မရွှေအိမ်စည်သူအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သန္တာမြေဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ SUMMIT CENTRE တွင် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ကျောက်ဖြူမြို့နယ် သန္တာမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အတွင်းရေးမှူး ဒေါ်သန်းသန်းအေး က အသင်း၏ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များ နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်က Asean- China Children Mangrove’s Art ပြိုင်ပွဲကျင်းပရခြင်းမှာ အာဆီယံဒေသအတွင်းရှိ နိုင်ငံများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ အသက် ၆ နှစ်နှင့် ၁၆ နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူငယ်လူရွယ်များယှဉ် ပြိုင်ရန်အတွက် ပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း၊ အာဆီယံ-တရုတ်ဒေသအတွင်းရှိ ကလေးငယ်များကို ဒီရေတော ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်ပိုမိုရရှိစေရန် အာဆီယံနှင့် တရုတ်ဒေသအတွင်းရှိ NGO များပူးပေါင်း၍ ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲ ကျင်းပခြင်းဖြင့် ကလေးငယ်များသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်များရရှိပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သည့် အနာဂတ်မျိုးဆက်သစ်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ ၎င်းပြိုင်ပွဲကို မြန်မာနိုင်ငံမှ NGO အဖွဲ့အစည်းဖြစ်သည့် Myanmar Environmental Innovation Foundation(MEIF) မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒီရေတောဆိုင်ရာ ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မရွှေအိမ်စည်သူအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ရာ ၎င်းမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အာဆီယံ ၁၁ နိုင်ငံမှ အသက် ၆ နှစ်နှင့် ၁၆ နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူငယ်လူရွယ်များ ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းအထဲမှ ဆန်ကာတင်ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင် ၄၆ ဦးတို့အား အွန်လိုင်း Votting စနစ်ဖြင့် ဆက်လက်ရွေးချယ်ခဲ့ရာ “ဒီရေတောနှင့် သဘာဝရှုမျှော်ခင်း” ဟု အမည်ပေးထားသည့် ပန်းချီကားဖြင့် Asean(International) ပထမဆုကို ကျောက်ဖြူမြို့ နယ်၊ အ-ထ-က(ခွဲ)အ-လ-က(၂) မြို့မကျောင်းမှ အသက် ၁၂ နှစ်အရွယ်၊ ဆဌမတန်း ကျောင်းသူ မရွှေအိမ်စည်သူက ဆွတ်ခူးရရှိခြင်း ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)