ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၀
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းလေး ကျောင်းတို့မှ အသက်(၁၂)နှစ်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ် (၈၃၂၉)ဦးတို့ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက်လည်း ကာကွယ်ဆေးထိုးစုရပ် (၂၈)နေရာကို မြို့နယ်အတွင်း ကြိုတင်၍ ပြင်ဆင်ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ထန်းတပင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၈) ကျောင်း၊ အ.ထ.က(ခွဲ) (၁၁)ကျောင်း၊ အ.လ.က(၆) ကျောင်း၊ အ.လ.က(ခွဲ)(၈)ကျောင်းနှင့် မူလွန်(၁၅)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၄၈)နှင့် ကိုယ်ပိုင်အထက်တန်း ကျောင်း(၄) ကျောင်း တို့မှ အသက်(၁၂)နှစ်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား/သူကလေးငယ် (၈၃၂၉)ဦး တို့ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေး ရရှိချိန်တွင် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးရေးအဖွဲ့(၉)ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဖြစ်သလို စုရပ်(၂၈)နေရာတို့တွင် ကာ ကွယ် ဆေးကိုထိုးနှံနိုင်ရေးအတွက်လည်း တာဝန်ရှိသူများ ပူးပေါင်းကာ ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အသက်(၁၂)နှစ်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်နှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံသွားမည့် စုရပ်နေရာများကို ကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်