မလှိုင်မြို့နယ်တွင် အသက် (၁၂ ) နှစ် ပြည့်ပြီး ကျောင်းသား/သူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေ လက်ကမ်းစာစောင်များဖြန့်ဝေ

မလှိုင် အောက်တိုဘာလ ၁

မလှိုင်မြို့နယ်တွင် အသက်(၁၂)နှစ်ပြည့်ပြီးသူ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ သူများ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန် ရေထွက်ကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ကာကွယ်ဆေးထိုးလာသူ မိဘပြည်သူများထံ ဖြန့်ဝေခဲ့ ကြောင်းသိရှိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကျောင်းသား/သူ၊ ဆရာ/မ၊ ရုံးဝန်ထမ်းများအတွက် ပါးစပ် နှာခေါင်းစည်း (Mask) များ လိုအပ်ပါက ပံ့ပိုးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းနှင့်စာသင်ခန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်နှင့် လမ်းညွှန်ချက်များအား အလေးထားလိုက်နာရေး၊ ကျောင်းအုပ်ကြီးများ ကြိုတင်ဆောင်ရွက် ထားရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်သည့်  အသိပေးနှိုးဆော်ချက် (၁၃) ချက်ပါ လက်ကမ်းစာစောင် အစောင်ရေ (၁၀၀၀) ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များကို ရေထွက်ကျေးရွာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံသူများနှင့် ကျောင်းသားမိဘများကို ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်သည်။ မလှိုင်မြို့နယ် တွင် အထက်တန်း(၈)ကျောင်း၊ အထကခွဲ (၂၃)ကျောင်း၊ အလကကျောင်း(၁၄)ကျောင်း၊ အလကခွဲ(၆)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၉)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၁) ကျောင်းရှိပြီး အသက်(၁၂)နှစ် ပြည့်ပြီးသူ အထက်တန်းဆင့် ကျောင်းသားကျောင်းသူ(၁၄၃၆)ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၅၃၅၄) စုစုပေါင်း (၆၇၉၀) ဦး အား Sinovac အမျိုးအစား ကာကွယ်ဆေး ထိုးနှံနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရှိရသည်။

ကျောင်းသား/သူများကို ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်စေရန်ရည်ရွယ်၍  အောက်တိုဘာ (၁၂) ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)