ကျောက်မဲမြို့တွင်အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျောက်မဲ အောက်တိုဘာ  ၁၀

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့ကျက်သရေဆောင် ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်းတို့၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 ကျောက်မဲမြို့နယ်တွင် ကိုဗစ်‌ရောဂါ ကာကွယ်ဆေး(Sinopharm) တတိယအသုတ်(ပထမ အကြိမ်)ကို  စက်တင်ဘာ  ၂၈ ရက်နေ့မှစ၍ သံဃာတော်များ၊  သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် ဦးတည်အုပ်စု ၁၆ အုပ်စုခွဲ၍ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၉ ရက်နေ့အထိ လူဦးရေ ၁၅၉၉၀ ဦးထိုးနှံပြီးကြောင်း  သိရသည်။

အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးပါက အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား/သူများအား ဆက်လက်ထိုးနှံပေးသွားရန် စီစဉ်ထားကြောင်း သိရ သည်။

 အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း များ၊  မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများ ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)