ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် အခြခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ထိုးနှံဖို့ စီစဉ်နေတယ်လို့သိရတဲ့အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးကျော်ဟန်နှင့်တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
မေး။ ။ မင်္ဂလာပါ ဆရာကြီးခင်ဗျာ၊ ဆရာကြီးရဲ့အမည်၊ ရာထူးတာဝန်တွေကိုသိချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ပညာရေးမှူးရုံးက မြို့နယ်ပညာရေးမှူး ဦးကျော်ဟန် ဖြစ်ပါတယ်။
မေး။ ။ ဆရာကြီးတို့ရဲ့ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ နိုင်ငံတော်က အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့ စီစဉ်နေတယ်လို့သိရပါတယ်၊ ကာကွယ်ဆေးထိုးနှံရန်အတွက် ဘယ်လိုမျိုး ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေကို သိပါရစေ ခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့မြို့နယ်ရဲ့ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတွေကိုမြို့နယ်အလိုက် စာရင်းပြုကြဖို့ ခရိုင်က ညွှန်ကြားတာတွေရှိပါတယ်၊ သက်ဆိုင်ရာတွေကိုလည်း VMIS စာရင်းပြုစုပြီး၊ ဆရာ၊ ဆရာမတွေကို စုရပ်အလိုက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာနဲ့ပူးပေါင်းဆွေးနွေးဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေကို လည်း ကြိုတင်ညှိနှိုင်ထားရှိပြီး၊ လုံခြုံကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။
မေး။ ။ ကာကွယ်ဆေးထိုးတဲ့အခါ ဆေးထိုးမယ့် စုရပ်တွေကိုတော့ ဘယ်လို စီစဉ်သတ်မှတ်ထားပါသလဲ ခင်ဗျာ။
ဖြေ။ ။ ကာကွယ်ဆေးထိုးမဲ့ စုရပ်တွေကိုတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကျန်းမာရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က စုရပ်တွေသတ်မှတ်ထားပြီး၊ကျောင်းတွေကို ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ပြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ့နဲ့ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားတာရှိပါတယ်၊ လက်ရှိအခြေအနေမှာတော့ပင်မစုရပ်အနေနဲ့ ၂၇ နေရာ သတ်မှတ်ဆောင်ရွက်ထားတာရှိပါတယ်၊ ကာကွယ်ဆေးထိုးမဲ့ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။
မေး။ ။ ဟုတ်ကဲ့ပါဆရာကြီး ဒါဆိုရင်ဆေးထိုးဖို့ ကျုံးဝင်တဲ့ ကျွန်တော်တို့မြို့နယ်မှာအလယ်အလယ်တန်း၊ အထက်တန်းကျောင်းတွေနဲ့ ကျောင်းသား၊ ကျောင်းသူဘယ်လောက်ရှိနေတယ်ဆိုတာ သိချင်ပါတယ်ခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့မြို့နယ်မှာ ကာကွယ်ဆေးထိုးဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ကျောင်းသူသူတွေအနေနဲ့ အလယ်တန်းအဆင့်မှာ ၉၀၅၉ ဦး၊ အထက်တန်းအဆင့်မှာ၂၀၃၀ ဦး၊စုစုပေါင်းကျောင်းသားဦးရေ ၁၁၀၈၉ ဦး ရှိပါတယ်။
မေး။ ။ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ကျောင်းတွေကို သတ်မှတ်ထားတဲ့နေရာတွေမှာလာရောက်ထိုးနှံကြဖို့အသိပေးတာတွေ၊ အကြောင်းကြား တာတွေကို ဆရာကြီးတို့အနေနဲ့ ဘယ်လို ဆောင်ရွက်ထားတယ်ဆိုတာကို သိပါရစေ ခင်ဗျာ။
ဖြေ။ ။ ကာကွယ်ဆေးထိုးနှံဖို့အတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေ၊ ဆရာ၊ ဆရာမတွေကို သတ်မှတ်နေရာအလိုက် စာရင်းပြုစုပြီး စီစဉ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံကြဖို့ အသိပညာပေး ဗီနိုင်း၊ ပိုစတာတွေစိုက်ထူပြီး၊ ကျောင်းသားမိဘတွေနှင့်ပြည်သူတွေအားလုံး ပိုမိုသိရှိအောင် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ပူးပေါင်းပြီး၊ ကြိုတင် ဆောင်ရွက် သွားကြဖို့ဆရာ၊ ဆရာမတွေကို မှာကြားထားပြီးဖြစ်ပါတယ်။
မေး။ ။ ကိုဗစ် ကာကွယ်ဆေးထိုးပြီးတော့ မကြာခင်မှာကျောင်းတွေ ပြန်ဖွင့်ဖို့ ရှိနေတယ်ဆိုတော့၊ ကျေင်းတွေပြန်ဖွင့်ဖို့အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနဲ့ ဆရာကြီးရဲ့ ပီတိစကားသံလေးကိုသိပါရစေ ခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့ကို ကိုဗစ် ကာကွယ်ဆေး မထိုးမီကပင် ကျောင်းတွေပြန်ဖွင့်လာတော့မှာ ဖြစ်တဲ့အတွက် မိမိတို့ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ထားရှိဖို့ သက်ဆိုင်ရာ ကျောင်း အုပ်ကြီးတွေကို လစဉ် ကြပ်မတ်ဆောင်ရွက် နေတာတွေရှိပါတယ်။ သင်ကြား၊ သင်ယူမှု ပိုင်းတွေမှာ ပိုပြီးအဆင်ပြေချောမွေ့အောင် ကျောင်းအုပ်ကြီးတွေကို အဆင်သင့် ဆောင်ရွက်ထားကြဖို့ မှာကြားထားတာရှိပါတယ်၊ အခုဆိုရင်တော့ ကျောင်းတွေလည်း မကြာခင်ပြန်ဖွင့်တော့မယ်ဆိုတော့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအားလုံးကိုဗစ် ကာကွယ်ဆေးထိုးထားပြီးသားဖြစ် တာမို့ ရောဂါကူးစက်မှာကိုလည်း သိပ်စိုးရိမ်စရာလိုဘူး၊ အနာဂတ်မျိုးဆက်သစ် ကျောင်းသား လူငယ်တွေ ဆက်လက်ပညာသင်ကြားခွင့်ရတဲ့အတွက် ကျွန်တော် အပါအဝင် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေ၊ ကျောင်းသားမိဘ တွေလည်း အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေမှာသေချာပါတယ်။ ကျွန်တော်အနေနဲ့ ဖြည့်စွက်ပြောချင်တာကတော့ နိုင်ငံတော်အစိုးရက ထိုးနှံပေးနေတဲ့ ကိုဗစ် ကာကွယ်ဆေးကို အသက်(၁၂)နှစ်အထက်ရှိတဲ့ ကျောင်း သား၊ ကျောင်းသူတိုင်း ယုံယုံကြည်ကြည်နဲ့မဖြစ်မနေ လာရောက်ထိုးနှံပေးကြဖို့ မိဘများနှင့်ဆရာ၊ ဆရာမတွေအားကို ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
တွေ့ဆုံမေးမြန်း- သိန်းတန်အောင်
သတင်း၊ဓါတ်ပုံ - နီထွန်းအောင်