ဥတ္တရသီရိ ဩဂုတ် ၁၇
ဥတ္တရခရိုင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာရေးဆရာ ယဉ်ကျေးဆု ၏ “ ဖိုးသီလ၏ သုတမှတ်စု” စာအုပ်အား စာရေးသူကိုယ်တိုင်ပါဝင်ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး Book Club ဥက္ကဋ္ဌ ဒေါ်နန်းဝင်းဝင်းစိန်(ရဿဝတီမေနန်း)၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဆရာစိန်ဝင်းနွယ်(ဘာသာပြန်)၊ ဆရာရဲမွန်ကျော်၊ မောင်လေပြေ(တောင်တွင်း)နှင့် စာပေချစ်သူများက စာအုပ်တွင်ပါဝင်သည့် ပန်းဆယ်မျိုးအကြောင်းသိကောင်းစရာများ၊ စကားအကြောင်းသိကောင်းစရာများ၊ ပန်းရွဲပညာရပ် အကြောင်းသိကောင်းစရာ၊ စေတီအကြောင်းသိကောင်းစရာများ၊ မြန်မာလူမျိုး၊ မြန်မာနိုင်ငံအကြောင်း သိကောင်းစရာများနှင့် စာကြည့်တိုက်အကြောင်း သိကောင်းစရာများ စသည့် ဗဟုသုတဖြစ်ဖွယ်ရာ များအား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာရေးဆရာ ယဉ်ကျေးဆုမှ စာအုပ်တွင်အခန်း(၃၈)ခန်းပါဝင်ပါကြောင်း၊ စာရေးဆရာ ကြီးများ၏ ရေးသားချက် များကို လေ့လာဆည်းပူးမိသမျှ မိမိ၏ဘဝဖြတ်သန်းခဲ့ရသည့် ဘဝတစ်လျှောက် တွေ့ကြုံသိရှိခဲ့သမျှ ဗဟုသုတများကို လက်ဆင့်ကမ်းပေးဝေလိုသည့် ဆန္ဒဖြင့် ရေးသားထားပြီး စာအုပ်တွင် ပန်းဆယ်မျိုးအကြောင်းသာမက အခြား သိသင့်သိထိုက်သည့် ဗဟုသုတ များကိုပါ ထည့်သွင်းရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဥတ္တရခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အား ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစတင်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ခဲ့ပြီး ယခုအကြိမ်အပါအဝင် စုစုပေါင်း (၂၉)ကြိမ် ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)